အမှန်/အမှား
+++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“မန္တလေးတိုင်းမိုးကုတ်မြို့ရှိ တအာင်းတပ် TNLA ခိုအောင်းနေတဲ့ နေရာတွေကို စစ်တပ်က လေကြောင်းမှဗုံးကြဲနိုင်ခဲ့တယ်”ဆိုပြီး စစ်ကောင်စီဘက်က လိမ်လည်ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၁၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ရှိ လူနေအိမ်တွေကို နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ည ၁၁ နာရီကျော်ခန့်မှာ မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်နဲ့ မြို့အနောက်ပိုင်း လူးထရပ် ကွက်တို့ကို လေယာဉ်နှစ်စီးက ဗုံး ၅ လုံးကြဲချခဲ့တာဖြစ်ပြီး အရပ်သား ၆ ဦး ထက်မနည်းသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက Myanmar Now သတင်းဌာနကို ပြောထားပါတယ်။
မိုးကုတ်မြို့ရဲ့ မြို့အနောက်ပိုင်းနဲ့ အရှေ့ပိုင်းနေရာတွေကို စစ်တပ်က ညသန်းခေါင်ယံနီးချိန်မှာ Y12 လေယာဉ်နဲ့ လာရောက်ကြဲချခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။
Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့လင့်
ဧရာဝတီသတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်