ကော့ကရိတ်၊ နိုဝင်ဘာ ၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေါနတောင်ပေါ်လမ်းဟောင်းအနီးက ရန်ကုတ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေါနတောင်ပေါ်လမ်းဟောင်းနားရှိ ရန်ကုတ်ကျေးရွာအုပ်စုထဲကို နိုဝင်ဘာ ၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က တပ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့နဲ့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။

နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုတ်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ တစ်ရက်လုံးနီးပါး ဖြစ်ပွားခဲ့ပြီး နို ဝင်ဘာ ၆ ရက်နေ့အထိ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရဆဲဖြစ်ကာ တိုက်ပွဲအတွင်း ရန်ကုတ်၊ ကြောင်ရှာကုန်းစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာမှာ နေ ထိုင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရန်ကုတ်ကျေးရွာဟာ ကော့ကရိတ်မြို့အနီး မြောက်ဘက်ခြမ်း ဒေါနတောင်ပေါ်လမ်းဟောင်းနားမှာ ရှိတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း ကော့ကရိတ်မြို့ထဲ ရပ်ကွက်အချို့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာတွေ ရှိနေတယ်လို့လည်း ကော့ကရိတ်ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေထဲကို လက်နက် ကြီးနဲ့ လှမ်းပစ်ခတ်တာတွေ မကြာခဏလုပ်ဆောင်နေလျက်ရှိတဲ့အတွက် ဒေသခံပြည်သူတွေ ထိ ခိုက်သေဆုံး ဒဏ်ရာရရှိတာတွေလည်းရှိနေတယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ ဖော်ပြချက်အရ ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်ကို ဆက်သွယ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအရ အရေးပါတဲ့ လမ်းကြောင်းတွေဖြစ်ကြတဲ့ အာရှလမ်းမကြီး၊ ဒေါနတောင်ပေါ်လမ်းဟောင်းတို့နဲ့ ကော့ကရိတ်မြောက်ပိုင်းဂွင်၊ ကျုံဒိုးဒေသအတွင်းမှာ အောင်ဇေယျစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ကာ မြဝတီသင်္ဃန်းညီနောင်တို့ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ လအတန်အကြာ ကြိုးစားလုပ်ဆောင်လုပ်နေခဲ့တာပါ။

ကော့ကရိတ်မြို့မြောက်ဘက်ရှိ ဒေါနတောင်ပေါ်လမ်းဟောင်းနဲ့ အာရှလမ်းမကြီးတွေမှာ ရောက်ရှိနေတဲ့ အောင်ဇေယျစစ်ကြောင်းတွေထံ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လတွေအတွင်း စစ်သင်တန်းဆင်း တပ်သားသစ်တွေအပါအဝင် တပ်အင်အားတွေကို ပိုမိုတိုးချဲ့ပို့ဆောင်နေတာပါ။

ဒါပေမယ့် KNLA ပူးပေါင်းတပ်ဘက်ကလည်း အောင်ဇေယျစစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက် ခိုက်နေတဲ့အတွက် စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ကာ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

ပုံစာ- ဒေါနတောင်ပေါ်လမ်းဟောင်းတစ်နေရာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.