ထားဝယ်၊ နိုဝင်ဘာ ၆

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကနိုင်းဒါးကျေးရွာအုပ်စုမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကြီးတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်တွေအပြင် ကားတစ်စီးနဲ့ ဆိုင်ကယ် ၁၀ စီး သိမ်းဆည်းရမိခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။

ကနိုင်းဒါးကျေးရွာအုပ်စု ကဒင်ဝကျေးရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကြီးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ နေလည် ၁ နာရီအချိန်ခန့်မှာ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာပါ။

အဲဒီလောင်ကစားဝိုင်းဟာ အနည်းဆုံး သက်တမ်း နှစ်နှစ်နီးပါးရှိပြီး ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အံဂလုံနဲ့ အနီထောင်တွေ ပါဝင်ပြီး စစ်ကောင်စီတပ်သားတွေကို ငွေကြေးပေးကာ ပျူစောထီးတွေက လက်နက်ကိုင် လုံခြုံရေးယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လောင်းကစားဝိုင်းကို ဝင်စီးတဲ့အချိန် လောင်းကစားဝိုင်းအတွင်းမှ လူ ၄၀ ကျော်ကို ဖမ်းမိခဲ့သလို ပျူစောထီး ကားတစ်စီးနဲ့ ဆိုင်ကယ် ၁၀ စီးကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သိမ်းဆည်းခဲ့တဲ့ ဆိုင်ကယ်တွေဟာ ပြည်သူတွေရဲ့ ဆိုင်ကယ်ဆိုပေမယ့် လောင်းကစား ဥပဒေအရ ကိုက် ၅၀ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပစ္စည်းတွေကို သိမ်းယူခြင်းဖြစ်ပြီး စစ်ကောင်စီကို ထောက်ပံ့နေတဲ့ ထောက်တိုင်တွေကို ပြိုလဲချင်တာကြောင့် သိမ်းယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဆက်ထဲမှာပဲ လောင်းကစားဝိုင်းကျင်းပနေတဲ့ ကျေးရွာအနီးရှိ ရောင်းမော်ကျေးရွာမှ ပျူစောထီးအဖွဲ့တွေကို ဝင်ရောက်ရှင်းလင်းခဲ့ရာ M16 A1 သေနတ်တစ်လက် အပါအဝင် လက်လုပ်သေနတ် ၆ လက်သိမ်းဆည်းရမိခဲ့ပါတယ်။

လောင်းကစားဝိုင်းအတွင်းမှ ဖမ်းဆီးခဲ့တဲ့ အရပ်သားတွေကို အရေးယူတာမျိုး မရှိဘဲ နောက်တစ်ခါ အခုလို လောင်းကစားဝိုင်းတွေကို သွားမကစားကြဖို့ သတိပေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လောင်းကစားဝိုင်းနဲ့ ဆက်နွယ်ပြီး မူးယစ်ဆေး ရောင်းတဲ့ အမျိုးသားတစ်ဦး၊ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးနဲ့ စစ်ကောင်စီသတင်းပေးလို့ ယူဆရတဲ့ အမျိုးသားတစ်ဦး စုစုပေါင်း သုံးဦးကိုတော့ ဖမ်းဆီးခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဖမ်းဆီးခဲ့တဲ့ အမျိုးသားသုံးဦးကို လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီး အပြစ်ရှိပါက ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်သလို အပြစ်မရှိပါက ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းက မြို့နယ်တွေမှာတော့ နတ်ပွဲနဲ့ ပွဲလမ်းသဘင် အပါအဝင် ဘုရားပွဲတွေကို အကြောင်းပြပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေက လောင်းကစားဝိုင်း ပြုလုပ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.