ကျိုက်ထို၊ နိုဝင်ဘာ ၇
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး တော်လှန်ရေးအဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ ၅ အကြာတိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေဟာ စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားနေတဲ့ ကျိုက်ထိုမြို့နယ်ထဲကို တပ်အင်အား ၁၅၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ငါးဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးအဖွဲ့ဘက်ကလည်း PDF ရဲဘော်တစ်ဦး ကျဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ပိန်းန္နဲကုန်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့နေအိမ်တစ်လုံး လက်နက်ကြီးကြောင့် ထိမှန်ပျက်စီးခဲ့သလို ကျောက်ပုံကျေးရွာက KNLA/PDF စစ်ဆေးရေးဂိတ်တစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
တိုက်ပွဲတွေကြောင့် ကျောက်ပုံ၊ မဲရုံးလေး၊ မဲရုံးကြီး၊ မိုးဘောနတ်စင်၊ ပိန္နဲကုန်း၊ ပျဉ်းကတိုးကုန်းစတဲ့ကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းပြန်ထွက်သွားတဲ့အတွက် ဒေသခံအများစု နေရပ်ပြန်လာကြပြီလို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ