မော်လမြိုင်၊ နိုဝင်ဘာ ၅

နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လုပ်ကြံသတ်ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းမှုတွေ ရှိနေသလို ဥပဒေမဲ့ ထောင်ပြင်ထုတ် သတ်ဖြတ်မှုတွေ အဆက်မပြတ် လုပ်ဆောင်လာတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က ဧရာဝတီတိုင်း မြောင်းမြထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအ ကျဉ်းသား ကိုရဲရင့်အောင်ကို ဒုတာဝန်ခံအရာရှိ တင့်ဆွေရဲ့ လက်ကိုင်တုတ်လို စနစ်တကျမွေးမြူထားတဲ့ သေဒဏ်ကျ ရာဇဝတ်အကျဉ်းသား လင်းလင်းက သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ဟာ ရာဇဝတ်အကျဉ်းသား လင်းလင်းနဲ့ ခိုက်ရန်ဖြစ်ပွားဖူးတာမျိုးမရှိဘဲ သေချာပြင်ဆင် ပြုလုပ်ထားတဲ့ သံချွန်နဲ့ နောက်ကျောဘက်မှ အလစ်အငိုက် ဝင်ရောက်ထိုးသွင်းကာ သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အဲဒီလိုဖြစ်ပွားချိန် ကိုရဲရင့်အောင်မှာ အချိန်မီ ရှောင်တိမ်းလိုက်နိုင်တာကြောင့် သံချွန်ဟာ အုတ်နံရံကိုသာ ထိုးသွင်းမိပြီး အသက်အန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့ကာ အချင်းချင်းလုံးထွေးခိုက်ရန် ဖြစ် ပွားပြီးနောက် ရာဇဝတ်အကျဉ်းသား လင်းလင်းဟာ အနီးမှာရှိနေတဲ့ ကွပ်ပျစ်ကြမ်းခင်းမှ ပြုတ်နေတဲ့ သစ်သားချောင်းနဲ့ ကိုရဲရင့်အောင်ကို ရိုက်နှက်ခဲ့တာပါ။

PPNM ရဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ အဲဒီဖြစ်စဉ်မတိုင်မီ တစ်ရက်အလိုမှာ ထောင်အာ ဏာပိုင် ဒုတာဝန်ခံတင်ဆွေမှ ရာဇဝတ်အကျဉ်းသားလင်းလင်းကို နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုရဲရင့်အောင်နဲ့ ဒေါက်တာပြည့်ဖြိုးတို့အား ရိုက်နှက်ဖို့နဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းပေမယ်လို့ နှုတ်နဲ့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

အိမ်မဲပြည်သူ့လွတ်တော်ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသား ဒေါက်တာပြည့်ဖြိုးဟာ ထောင်အာ ဏာပိုင်တွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံနေရတဲ့အပြင် တီဗီရောဂါသည် အကျဉ်းသားတွေထားတဲ့ အခန်းမှာ အသက်အန္တရာယ်အတွက် ထပ်မံကျူးလွန်နိုင်တဲ့ ရည်ရွယ်ချက်နဲ့ ထားရှိထားတယ်လို့ PPNM က ဆိုပါတယ်။

PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးကတော့ ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု ခပ်စိပ်စိပ်ပြုလုပ်လာသလို သူတို့ရဲ့ လက်ကိုင်တုတ် ရာဇဝတ် အကျဉ်းသားတွေနဲ့လည်း သတ်ဖြတ်ဖို့အထိ လုပ်ဆောင်လာတယ်လို့ ပြောပါတယ်။

“အခုနောက်ပိုင်း ထောင်အာဏာပိုင်တွေဘက်က နိုင်ငံရေးအကျဉ်းသားတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံ ပြောင်းလာတာကို သတိထားမိတယ်။ သူတို့ကိုယ်တိုင်ကျူးလွန်ရင် ဖြေရှင်းရတဲ့ပြ ဿနာ ကြီးမားလာတဲ့အခါမှာ သတင်းကိုလည်း အမှောင်ဖုံးဖို့၊ သက်သေတွေဖျောက်ဖို့စတဲ့ ရည် ရွယ်ချက်တွေနဲ့ တခြားရာဇဝတ်အကျဉ်းသား အထူးသဖြင့် အကျဉ်းဦးစီးဌာနရဲ့ လက်ကိုင်တုတ်တွေ ပိုပြီးမှ နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်ဖို့ ပြီးတော့ညှင်းပန်းနှိပ်စက်ဖို့ ဖြစ်နိုင်မယ်ဆိုရင် သတ်ဖြတ်ဖို့အထိပါ လုပ်ဆောင်လာတယ်လို့ ကျွန်တော်တို့ကတော့ မြင်မိပါတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေက စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ ညှင်းပန်းနှိပ်စက် ဖိနှိပ်မှုတွေရှိခဲ့ပေမယ့် ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်တာနဲ့ ထောင်တွင်းဆန္ဒပြပွဲတွေမှာ ပစ်ခတ်ဖြိုခွင်းတဲ့အထိ ဖိနှိပ်မှုတွေ ဆိုးဝါးလာတာပါ။

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ထောင်တွင်းဆန္ဒပြပွဲတွေမှာ ပစ်ခတ်ဖြိုခွင်းတာနဲ့ ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသား ၂၃ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တစ်ဖက်မှာတော့ စစ်တပ်လော်ဘီတွေက ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နည်းလမ်းမျိုးစုံသုံးပြီး ညှင်းပန်းနှိပ်စက်ဖို့နဲ့ စစ်တပ်ထောက်ခံသူတွေ သတ်ဖြတ်ခံရပါက ထောင်းတွင်းက နိုင်ငံရေးအကျဉ်းသားတွေအား လက်စားချေသတ်ဖြတ်ဖို့ လှုံ့ဆော်တာတွေ ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးကလည်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်ကောင်စီရဲ့ ဥပဒေမဲ့ ဖိနှိပ်ညှဉ်းပန်းသတ်ဖြတ်မှုတွေကို ခံပြင်းနာကျည်းတာကလွဲပြီး ဘာမှမတတ်နိုင်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

“သူတို့ကလုပ်နေတာ တဖြည်းဖြည်း လွန်ကဲလာတာပေါ့။ သိလည်းသိလာတာပေါ့။ သိလာတယ်ဆိုပေမယ့် ခံပြင်းနာကျည်းတာက လွဲပြီးတော့ ဘာမှမတတ်နိုင်ဘူးပေါ့။ ဒါကတော့ မလုပ်သင့်မလုပ်ထိုက်တဲ့အလုပ်ပေါ့။ အကျဉ်းသားတွေ ထောင်ထဲမှာအများကြီးရှိတယ်။ အကျဉ်းသားပေါင်း များစွာရှိတယ်။ အမှုပေါင်းစုံရှိတယ်။ အမှုပေါင်းစုံရှိတဲ့ထဲကမှ ဒီလိုနိုင်ငံရေးအကျဉ်းသားတွေပဲ သီးသန့်ခွဲထုတ်ပြီးတော့ ဗိုလ်ကျအနိုင်ကျင့် စိုးမိုးတာတွေ လုပ်လာတယ်”လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီဟာ နိုင်ငံအာဏာကို မတရားသိမ်းယူပြီးနောက် စစ်အာဏာရှင် ချေမှုန်းရေးအတွက် တိုက်ပွဲဝင်သူတွေကို ရန်သူသဖွယ် ဖမ်းဆီးပြီးနောက် မတရားအမိန့်ချမှတ်ကာ အကျဉ်းထောင်တွေကို ပို့ဆောင်ခဲ့သလို လက်ရှိမှာ ထောင်အာဏာပိုင်တွေရဲ့ လုပ် ကြံသတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၂၇၀၀၀ ကျော် ရှိပြီး အဲဒီထဲမှ နှစ်သောင်းကျော်ဟာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.