ထားဝယ်၊ နိုဝင်ဘာ ၄
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်အနီးမှာ အင်အားထပ်မံဖြည့်တင်းပြီး တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ် စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သား တစ်ဦး သေဆုံပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မောင်မယ်ရှောင်ကျေးရွာအနီးက ဟားလီးကွေ့မှာ အင်အားထပ်မံဖြည့်တင်းကာ စစ်ကောင်စီတပ်သား ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မနေ့ နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စနိုက်ပါနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းအရ စနိုက်ပါနဲ့ တိုက်ခိုက်ခံရတာကြောင့် ဘန်ကာထဲကနေ အပြင်ဘက်ကို ချောင်းကြည့်နေတဲ့ စစ်ကောင်စီတပ်သား တစ်ဦး လဲကျသေဆုံးတာ တွေ့ရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မောင်မယ်ရှောင်အနီးက ဟားလီးကွေ့မှာ ပြီးခဲ့တဲ့လပိုင်းကစပြီး ခံတပ်အခိုင်အမာဆောက်ပြီး လာရောက်တပ်စွဲ နေထိုင်နေတာ ဖြစ်တယ်လို့ ရေဖြူမြို့နယ် မြို့နယ် ပြည်သူ့ကာကကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖိုးချောက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုနှစ် ဧပြီလကစပြီး မောင်မယ်ရှောင်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဖောက်ထွင်းတာတွေအပြင် အဲဒီကတည်းက ကျေးရွာအတွင်းရှီ နေအိမ်တွေမှာ တပ်စွဲနေထိုင်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA နဲ့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့မှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YPPDF