မော်လမြိုင် ၊ နိုဝင်ဘာ ၃

မြန်မာ့အ‌ရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်လေ့ရှိတဲ့ ကုလသမဂ္ဂက ပဋိပက္ခမှာ ပါဝင်သူတွေကို အနိုင်အရှုံး စိတ်ဓာတ်ကို အပြီးအပြတ်စွန့်လွှတ်ပြီး ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်မှာ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂွအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ပြောကြားခဲ့တာပါ။

မြန်မာ့ပဋိပက္ခအတွင်း ပါဝင်နေကြသူတွေအနေနဲ့ တစ်ဘက်ဘက်က လုံးဝ ရှုံးမှဖြစ်မယ်ဆိုတဲ့ အ တွေးကို စွန့်လွှတ်ပြီး ဆိုးရွားလှတဲ့ ပြည်တွင်းစစ်အတွက် အဖြေရှာရေး လုပ်ဆောင်သင့်တယ်လို့ ဆိုထားပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး (၂) ဦးဗညားက ဖက်ဒရယ်ဒီမို ကရေစီစနစ်ကို အာမခံပေးဖို့ စစ်အာဏာရှင်စနစ်ကို အနိုင်တိုက်မှ ရမှာမို့ UN ရဲ့ မူဘောင်တွေဟာ မိမိတို့အတွက် အကျိုးအမြတ်မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီးတော့မှ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်တာပေါ့။ အဲဒီတော့ ဒီဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အာမခံပေးဖို့ ကျွန်တော်တို့တတွေကနေ အနိုင်တိုက်မှရမယ်ဆိုတဲ့ဟာပဲ။ သေချာတာ တစ်ခုရှိတယ် တကယ်လို့များ နိုင်ငံတကာဖြစ်စေ UN က ဖြစ်စေ တကယ်လုပ်ရဲလား မေးခွန်းတွေရှိတာပေါ့။ လာပါလာပြီးတော့မှ ဒီစစ်ကောင်စီကို နားချနိုင်ပြီး စစ်ကောင်စီတွေကို အခြားတစ်နေရာရာကို ပို့နိုင်လားပေါ့။ ဒါဆို တိုက်စရာမလိုတော့ဘူးပေါ့၊ ဆွေးနွေးစရာလည်း မလိုဘူး။ အဲဒီတော့ တစ်ခါတလေကျရင် UN က သွားနေတဲ့ Frame (မူဘောင်) တွေက ကျွန်တော်တို့အတွက် ဘာမှ ထူးထူးထွေထွေ အကျိုးအမြတ်မရှိဘူး”လို့ ဆိုပါတယ်။

ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်တဲ့အတွက် အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးကို အလေးပေး ပြောဆိုခဲ့တာပါ။

အဲဒီပြောဆိုချက်နဲ့ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက မြေပြင်အခြေအနေနဲ့ ကိုက်ညီမှုမရှိသလို မှန်ကန်တဲ့ အကြံပြုချက် မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလို ဂျူလီဘစ်ရှော့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းဖို့ ပြောကြားသုံးသပ်သွားတဲ့အပေါ်မှာ မြေပြင်အခြေအနေ ပကတိနဲ့ ကိုက်ညီမှုမရှိသလို မှန်ကန်တဲ့ ဖြေရှင်းချက် အကြံပြုချက် မဟုတ်ဘူးလို့ ကျွန်တော် ပြောကြားလိုပါတယ်”လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အဓမ္မအာဏာသိမ်းယူမှုဟာ မြန်မာ့နိုင်ငံရေးကို လက်နက်ကိုင်လမ်းစဉ်ပေါ် တွန်းပို့ခဲ့ပါတယ်။

နိုင်ငံအနှံ့ပေါ်‌ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပါအဝင် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆယ်စုနှစ်တွေနဲ့ချီ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ဖြစ်လာခဲ့တာပါ။

အာဏာသိမ်းမှု လေးနှစ်နီးပါးကြာလာချိန်မှာတော့ နိုင်ငံအနှံ့နီးပါး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၃ ဒသမ ၁ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် လူသားချင်းစာနမှုအကူအညီတွေလည်း လိုအပ်နေတာ ဖြစ်ပါတယ်။

တစ်ဘက်မှာ ကုလသမဂ္ဂအပါအဝင် အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာ့အကျပ်အ တည်းအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေကနေ ညှိနှိုင်းအဖြေရှာဖို့ တိုက်တွန်းလာကြပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက မြန်မာ့အရေးမှာ စစ်အာဏာရှင်စနစ် အ မြစ်ပြုတ်ဖို့ လိုအပ်တာကြောင့် ဒီကနေ့အထိ တိုက်ပွဲဝင်နေတာဖြစ်လို့ ပြဿနာရဲ့ အဓိကတာဝန်ရှိသူဟာ စစ်ကောင်စီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မြန်မာ့နိုင်ငံရေးပဋိပက္ခမှာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ဖို့ လိုအပ်ပါတယ်လို့ ကျွန်တော်တို့က ဒီကနေ့အထိ တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ဆိုတော့က မြန်မာ့နိုင်ငံရေးပဋိပက္ခမှာ အကြမ်းဖက်မှုကို ဘယ်သူက ကျူးလွန်နေသလဲဆိုတာ နိုင်ငံတကာကလည်း သိနေတဲ့အတွက် အဲဒီပြဿနာမှာ အ ဓိက တာဝန်ရှိသူက စစ်ကောင်စီပဲဖြစ်ပါတယ်။ အဲဒါ ကုလအထူးသံတမန်အနေနဲ့ သိထားဖို့ နား လည်ပေးဖို့။ပြီးတော့ စစ်ကောင်စီကို တွန်းအားပေးဖို့ ဘက်ပေါင်းစုံကနေ အကြမ်းဖက်မှုလုပ်ရပ်ကို ရပ်တန့်ပေးဖို့ တောင်းဆိုဖို့လည်း ကျွန်တော်ကုလအထူး သံတမန်ကို တောင်းဆိုလိုပါတယ်”လို့ ဆိုပါတယ်။

ဂျူလီဘစ်ရှော့ကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ သွား ရောက်တွေ့ ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂအစည်းအဝေးမှာ ပြောကြားထားပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါအဝင်အခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ်ထုတ်ပြောတာမရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/ Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.