မော်လမြိုင် ၊ နိုဝင်ဘာ ၃
မွန်ပြည်နယ်မှာ အခုနှစ်ပွင့်လင်းရာသီအစမှာပဲ လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်လာတာကြောင့် အသေးစား၊ အလတ်စား SME လုပ်ငန်းတွေအပါအဝင် လုပ်ငန်းအားလုံး လည်ပတ်ဖို့ အ ခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသတွင်းမှာ လျှပ်စစ်မီးကို ပြီးခဲ့တဲ့ မိုးတွင်းကာလတုန်းက တစ်ရက်လျှင် အလှည့်ကျစနစ်နဲ့ ၁၂ နာရီဝန်းကျင်ခန့် ရရှိခဲ့ရာမှ လက်ရှိမှာတော့ တစ်ရက်ကိုအလှည့်ကျစနစ်နဲ့ ၈ နာရီဝန်းကျင်လောက်သာ ရရှိတော့တာပါ။
တစ်ရက်ကို ၈ နာရီ လောက်သာ လျှပ်စစ်မီးရရှိပေမယ့် လျှပ်စစ်မီးရရှိချိန်မမှန်တာ၊ အချိန်ကြာမြင့်စွာ ပြတ်တောက်လာတာအပြင် ပေးချင်သလို ပေးနေတာတွေကြောင့် လုပ်ငန်းတွေ လည်ပတ်ရာမှာ အခက်ကြုံနေရတာ ဖြစ်ပါတယ်။
SME လုပ်ငန်းရှင်တစ်ဦးကတော့ လျှပ်စစ်မီးအရင်လို မရတဲ့အတွက် လုပ်ငန်းတွေကို စက်သုံးဆီတွေနဲ့ လည်ပတ်နေရတာကြောင့် ကုန်ကျစရိတ် ပိုမိုများလာသလို ကုန်ကျစရိတ်များတာကြောင့် ထုတ်ကုန်တွေကို ဈေးထပ်တင်ပါက စားသုံးသူတွေသာထိခိုက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
“လျှပ်စစ်မီးမရရင် ဒါလုပ်ငန်းအတွက်က အခက်အခဲတွေ့တာပဲပေါ့နော်။ စက်သုံးဆီနဲ့ လည်ပတ်ရ တယ်ဆိုတော့ ကုန်ကျစရိတ်တွေ များလာတာပေါ့။ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ဘာပဲလုပ်လုပ်ပေါ့ ကုန်ကျစရိတ်တွေ များလာရင်တော့ လုပ်ငန်းရှင်တွေအတွက်ကတော့ သူအမြတ် ထပ်တင်မှာပေါ့။ အခုလည်း သူဈေးထပ်တင်မှာပေါ့နော်။ ဈေးထပ်တင်မှပဲ။ ဈေးထပ်တင်ရင်တော့ စားသုံးသူပဲ သွားပြီးတော့ ထိခိုက်တာပေါ့နော်”လို့ ဆိုပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးဟာ လုပ်ငန်းတစ်ခု လည်ပတ်ဖို့အတွက် အခြေခံလိုအပ်ချက် ဖြစ်တာကြောင့် အခုလို ပွင့်လင်းရာသီမှာ ဆိုးဆိုးရွားရွား ပြတ်တောက်လာတဲ့အတွက် လုပ်ငန်းပုံမှန်လည်ပတ်ဖို့တောင် ခက်ခဲလာတယ်လို့ သူကဆက်ပြောပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ ရန်ကုန်က စက်မှုဇုန်တွေမှာလည်း အရင်က လျှပ်စစ်မီးကို တစ်ရက် ၈ နာရီ ပေးနေရာမှ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး တစ်ရက်ကို ၄ နာရီသာ ပေးတော့သလို တခြားဒေသတွေမှာလည်း လျှပ်စစ်မီးပေးချိန် လျော့ချလာတယ်လို့ သိရပါတယ်။
SME လုပ်ငန်းရှင်နောက်တစ်ဦးကလည်း လျှပ်စစ်မီးတစ်ရက်ကို ၄ နာရီပဲ ရရှိပါက ကုန်ထုတ်လုပ်မှုအတွက် ဆိုးရွားတဲ့အခြေအနေကို ရောက်ရှိလာမှာ ဖြစ်သလို ထုတ်လုပ်မှုစရိတ်မြင့်ရင် ကုန်ဈေး နှုန်းတွေလည် ကြီးမြင့်လာမယ်လို့ ပြောပါတယ်။
“အခုကတော့ သူတို့ပြောသံကြားတာကတော့ တစ်ရက်ကို ၄ နာရီပဲ ပေးမယ်၊။ နာရီ ၂၀ ပြတ်တောက်မယ်ဆိုတော့ ဒါကတော်တော် ဆိုးဆိုးရွားရွား အခြေအနေတစ်ခုကို ရောက်သွားနိုင်တာပေါ့ ။ ဒါထုတ်လုပ်မှုလည်း ကျလာမှာပဲ။ နောက်တစ်ခုက မီးစက်တွေသုံးတာများပြီး ထုတ်လုပ်မှုစရိတ်မြင့်လာတဲ့အတွက် ဒီကုန်ဈေးနှုန်း ကြီးမြင့်မှုကိုလည်း လာပြီးတော့ သက်ရောက်မှာပေါ့။ ဒါတွေကတော့ အားလုံးဆက်စပ်နေတဲ့ ပြဿနာပါပဲ”လို့ ဆိုပါတယ်။
လျှပ်စစ်မီးပေးချိန်တွေကို စစ်ကောင်စီက လျော့ချလာပေမယ့် ဓာတ်အားပေးစက်ရုံနဲ့ ဓာတ်အားလိုင်းတွေ အဆင့်မြှင့်တင်တာ၊ တိုးချဲ့တည်ဆောက်ပြီး ပြုပြင်ထိန်းသိမ်းတာတွေကို ပြည်တွင်းပြည် ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆောင်ရွက်ရတာကြောင့် ထုတ်လုပ်မှုစရိတ် မြင့်မားတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး မီတာခတွေကို နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံခဲ့တာပါ။
စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနရဲ့ မေ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးရဲ့ လျှပ် စစ်ဓာတ်အား လိုအပ်ချက်ဟာ ၅၅၀၀ မဂ္ဂါဝပ်ခန့် ရှိပေမယ့် လက်တွေ့မှာတော့ တစ်ရက်ကို ပျမ်းမျှ ၂၈၀၀မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်တာကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၀ ရာခိုင်နှုန်းစာလောက်သာ လျှပ်စစ်မီးပေးနိုင်တယ်လို့ ဆိုထားပါတယ်။
မွန်ပြည်နယ်မှာတော့ လျှပ်စစ်မီးဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က နေ့စဉ်ပုံမှန်နီးပါး ရရှိခဲ့ရာမှ စစ်ကောင်စီလက်ထက် ၄ နှစ် နီးပါး ကာလအတွင်း လျှပ်စစ်မီး ပုံမှန်မရရှိတော့တဲ့အပြင် အချိန်ပိုင်းသာ ရရှိတော့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ