အမှန်/အမှား
++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ပစ်သတ်ခံလိုက်ရတဲ့ အရပ် သားဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ဖြစ်တယ်”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ လုပ် ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၃၁ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားတွေဟာ စိတ်မနှံ့တဲ့ အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၃၁ ရက် မနက် ၉ နာရီအချိန်ခန့်မှာ ထားဝယ်မှ လောင်းလုံးဘက်ကို ဆိုင်ကယ်စီးလာတဲ့ ဒေသခံအမျိုးသားတစ်ဦးကို လဝကရုံး စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီအမျိုးသားဟာ စိတ်မနှံ့သူဖြစ်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ဂိတ်ရှေ့ မှာရှိတဲ့ အတားအဆီးတွေကို ဆင်းဖယ်ရာမှ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကျည်ထိမှန် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာန သံလွင်တိုင်းမ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။
သေဆုံးတဲ့ အမျိုးသားဟာ လောင်းလုံးမြို့နယ် ကဘူကျေးရွာက အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်ခိုင်ဖြစ်တယ်လို့ သံလွင်တိုင်းမ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။
သူသေဆုံးပြီးနောက် စစ်ကောင်စီဂိတ်ထဲက တပ်သားခုနစ်ဦးထွက်လာပြီး သူ့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝတ်စုံဝတ်ပေးပြီး ဓာတ်ပုံရိုက်ခဲ့တယ်လို့လည်း RFAသတင်းဌာနမှာ ဖော်ပြထားပါတယ်။
သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြထားတဲ့လင့်
RFAသတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်