ကျွန်းစု၊ နိုဝင်ဘာ ၃

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကျောက်ပိတ်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ အရပ်သားတစ်ဦးကို လက်နက်ကိုင်ဖွဲ့တစ်ခုက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ညပိုင်းမှာ ကျောက်ပိတ်ရွာ နားရေအိမ်မှပြန်လာတဲ့ ကျောက် ကုန်းရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွှေဂဲညိုရွာမှ အမျိုးသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။

ကျောက်ပိတ်ရွာနဲ့ ကျောက်ကုန်းရွာတို့ဟာ ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စုမှာရှိပြီး ရွှေဂဲညိုရွာကတော့ ဘုတ်ပြင်းမြို့နယ်အပိုင်ဖြစ်ကာ ကျောက်ပိတ်ရွာနဲ့ ၆ မိုင်နီးပါး အကွာမှာ တည်ရှိပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မျက်နှာဖုံးစွပ်ထားပြီး လက်နက်ကိုင်ထားတဲ့ လူလေးဦးက ရှပ်ပြေး လှေငယ်နှစ်စင်းနဲ့ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်နဲ့ ဦးကြောင်ခေါင်းတို့ကို လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ကျောက်ကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ကို ဖမ်းဆီးသွားတဲ့ ညမှာပဲ ကျောက်ပိတ်ရွာ တံတားမှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဂဲညိုရွာသား ဦးကြောင်ခေါင်းရဲ့ အလောင်းကိုတော့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ကော်ဇယာကျေးရွာအုပ်စုက ဒေသအခေါ် မြစ်လေးဆုံမှာ ဦးခေါင်းတစ်ခြား ခန္ဓာကိုယ်တစ်ခြားစီ အနေအထားနဲ့ ပြန်လည်တွေ့ ရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရသိရပါတယ်။

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တစ်ဦးက ကျွန်းစုမြို့နယ်မှာ ဒေါင်းနက်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက အဲဒီတစ်ဝိုက်မှာ လှုပ်ရှားတာရှိနေပြီး ကျေးရွာတွေမှာလည်း လက်ကမ်းစာဖြန့်ဝေပြီး ထိုင်းထဲကပစ္စည်းရောင်းဝယ်နေတဲ့ လှေတွေမှာ အခကြေးငွေတောင်းရမ်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အသတ်ခံရတဲ့ ကျောက်ကုန်းရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွှေဂဲညိုရွာသား ဦးကြောင်ခေါင်းတို့ကို ဘယ်လက်နက်ကိုင်အဖွဲ့က ဘာကြောင့် ဖမ်းဆီးသတ်ဖြတ်ခဲ့လဲဆိုတာတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု ချောင်းကြီးဝကျေးရွာရဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးမျိုးမင်းထိုက်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.