Screenshot

ဖာပွန်၊ အောက်တိုဘာ ၃၁

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အင်အားကြီးတပ်စခန်းတစ်ခုဖြစ်တဲ့ ခေါပုတ်တပ်စခန်းကို KNLA/PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မဟာ ၅ နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ဖာပွန်မြို့ အရှေ့မြောက်ဘက်ခြမ်း ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ခေါပုတ်တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၉ ရက်မှာ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် အောက်တိုဘာ ၃၀ ရက်နေ့မှာ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက တက်ရောက်သိမ်းပိုက်ခဲ့တာပါ။

ခေါပုတ်တပ်စခန်းသိမ်းပိုက်ရရှိမှုအတွင်း စစ်လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း တပ်မဟာ ၅ နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တချို့ရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

ခေါပုတ်တပ်စခန်းက စစ်လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ ၂ တာဝန်ရှိသူတစ်ဦးကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။

ခေါပုတ်တပ်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုစည်းနေထိုင်တဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ခြောက်လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

အဲဒီတပ်စခန်းမှာ စစ်ကောင်စီရဲ့ အမှတ် ၁၉ ခြေလျင်တပ်ရင်းအပါအဝင် အမှတ် ၃၄၀၊ ၃၄၁ ၊ ၄၃၄ ခြေမြန်တပ်ရင်းပူးပေါင်းတပ်ဖွဲ့တွေ တပ်စွဲနေထိုင်ခဲ့တဲ့ စခန်းကြီးတစ်ခုလည်းဖြစ်ပြီး စစ်ကောင်စီဘက်က စခန်းမကျရေးအတွက် နေ့စဉ်နဲ့အမျှ လေကြောင်းနဲ့ အပြင်းအထန်ခုခံခဲ့တာပါ။

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ခေါပုတ်တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်သာ ကျန်ရှိတော့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KIC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.