မော်လမြိုင် ၊ အောက်တိုဘာ ၃၁
နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ စစ်ကောင်စီဘက်က သန်းခေါင်စာရင်းသဖွယ် အချက်အ လက်ကောက်ယူနေတာဟာ စစ်မှုထမ်းစစ်သားစုဆောင်းဖို့ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်နေသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပါတယ်။
စစ်ကောင်စီဟာ စက်တင်ဘာလကစပြီး နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေသူတွေကို အမည်၊အသက်၊ပညာရေးအရည်အချင်း၊ ကျန်းမာရေး ကောင်းမကောင်းအပါအဝင် ကိုယ်ရေးအချက်အလက် အသေးစိတ်လိုက်လံကောက်ယူနေတာပါ။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM အဆိုအရ အကျဉ်းသားတွေထံကနေ အချက်အလက် ကောက်ယူရာမှာ အဘမည်၊ အသက် ၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ အိမ်ထောင်ရှိမရှိကို အဓိကမေးမြန်းလျက်ရှိပြီး အကျဉ်းထောင်တစ်ခုနဲ့တစ်ခု တူညီမှုမရှိဘူးလို့ ဆိုပါတယ်။
အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ထောင်ထဲရောက်ရှိစဉ်ကတည်းက ကိုယ်ရေးအချက်အလက် ၃၂ ချက် ကောက်ယူထားပြီး ဖြစ်တာကြောင့် အခုလို အချက်အလက် အ သေးစိတ် ကောက်ယူနေတဲ့အပေါ် အကျဉ်းသားတွေကြား စိုးရိမ်ပန်မှုမှုတွေ ရှိနေတာပါ။
PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးကတော့ စစ်ကောင်စီက အကျဉ်းသားတွေအပေါ် အချက်အ လက် ကောက်ယူနေတာဟာ နိုင်ငံရေး အကျိုးအမြတ် ရှာဖွေတဲ့နေရာမှာ အသုံးပြုတာ ဒါမှမဟုတ် အကျဉ်းသားတွေကိုတော့ စစ်မှုထမ်းခိုင်းဖို့ လုပ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အကျဉ်းသားတွေရဲ့ အချက်အလက်တွေကို ကောက်ယူခြင်းအားဖြင့် နိုင်ငံရေးအကျဉ်းသား အ ကျဉ်းသူတွေအနေနဲ့တော့ သူတို့ရဲ့ဒေတာ အချက်အလက်တွေကို အသုံးပြုပြီးမှ ရွေးကောက်ပွဲ သို့မ ဟုတ် စစ်ကောင်စီက နိုင်ငံရေးအကျိုးအမြတ်ရှာဖွေတဲ့အခါမှာ အသုံးပြုသွားမှာကို စိုးရိမ်ရတာရှိသလို အခြားရာဇဝတ်အကျဉ်းသားတွေအနေနဲ့တော့ သူတို့တွေကို ကျခံနေရတဲ့ ပြစ်မှုတွေကို လျော့ပေးပြီးမှ စစ်မှုထမ်းခိုင်းတဲ့ ပုံစံမျိုးတွေပေါ့နော်။ လုပ်လာနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း အထဲမှာရှိနေတယ်”လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ထားသလို မဟာဗျူဟာမြောက်ပူးပေါင်းဆောင် ရွက်မှုတွေလည်း လုပ်ဆောင်နေတာပါ။
ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားဟာ တိုက်ပွဲအတွင်း စစ်အင်အားပြုန်းတီးလာမှုကြောင့် အကျဉ်းသားတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုပြီး စစ်သားစုဆောင်းတဲ့ လမ်းစဉ်ကျင့်သုံးနေတာဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ရုရှားနည်းလမ်းအတိုင်း လုပ်ဆောင်လာနိုင်တယ်ဆိုတဲ့ သုံး သပ်မှုတွေလည်း ရှိနေပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ သန်းခေါင်စာရင်း အကြောင်းပြချက်နဲ့ အချက် အလက် ကောက်ယူနေတာဟာ သန်းစွမ်ကျန်းမာတဲ့ အကျဉ်းသားတွေကို အတင်းအကျပ် စစ်မှု ထမ်းခိုင်းလာနိုင်တယ်လို့ ပြောပါတယ်။
“ကျွန်တော်အနေနဲ့ကတော့ ကျန်းမာသန်စွမ်းတဲ့ အကျဉ်းသားတွေရဲ့ ဒီစာရင်းတွေကို သူစိစစ်ကောက်ယူတာလို့ မြင်မိပါတယ်။ စစ်ကောင်စီအနေနဲ့ကတော့ ဒီတစ်နိုင်ငံလုံးမှာပေါ့နော်။ အဖက်ဖက်က စစ်မျက်နှာတွေ ဖွင့်နေရတဲ့အတွက်လည်း ခံစစ်တွေ လုပ်နေရတဲ့အတွက်ပေါ့နော်။ ပြီးတော့ အင်အားတွေလည်း အများကြီးလျော့နည်းလာတယ်။ အဲဒါကြောင့်မို့ နောက်ဆုံး ဒီကျန်းမာ ရေး ကောင်းမွန်တဲ့ အကျဉ်းသားတွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းမယ့် အခြေအနေမျိုးလို့လည်း မြင်မိတာပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ သူတို့ရဲ့ တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့် ဘက်ပေါင်းစုံကနေ အတင်းအကျပ် စစ်မှုထမ်းစုဆောင်းနေတဲ့အ တွက် ပြည်သူတွေအနေနဲ့ သတိရှိကြဖို့ သူကတိုက်တွန်းပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာတွေအရ အာဏာ သိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ ၂၇၀၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ ၂၀၀၀၀ ကျော် ဆက်လက်ဖမ်း ဆီးခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI