လားရှိုး၊ အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ပါတယ်။
မနေ့ အောက်တိုဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ လားရှိုးမြို့ ရပ်ကွက် ၁ နဲ့ ရက်ကွက် ၁၁ ရှိ သာသနာ ၂၅၀၀ ဘုရားတွေကို စစ်ကောင်စီလေတပ်မှ လေကြောင်းကနေ နှစ်ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲခဲ့တာပါ။

ဗုံးကြဲမှုကြောင့် ရပ်ကွက် ၁၁ ဂေါက်ကွင်းအနီးရှိ လူနေရပ်ကွက်နဲ့ ရပ်ကွက် ၁ သာသနာ ၂၅၀၀ ဘုရားတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်းဘေးနဲ့ လမ်းဘေးရှိ အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကိုးကန့်တပ်မတော် MNDAA ဟာ တရုတ်ရဲ့ ဖိအားတွေနဲ့ ကြားဝင်စေ့စပ်မှုတွေကြောင့် စစ်ဆင်ရေးတွေ ရပ်တန့်ခဲ့ပေမယ့် စစ်ကောင်စီတပ်ကတော့ MNDAA ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို နေ့စဉ်နဲ့အမျှ လေကြောင်းဗုံးကြဲ တိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာရှိ ဓာတ်ခဲစက်ရုံကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး စက်ရုံအတွင်းရှိ အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MNDAA