ဘရပ်ဆဲလ်၊ အောက်တိုဘာ ၃၀
နယ်ခြားစောင့်တပ်အဖြစ်က KNA အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ ခေါင်းဆောင် စောချစ်သူ အပါအဝင် လူသုံးဦးနဲ့ လုပ်ငန်းတွေကို ဥရောပသမဂ္ဂ (အီးယူ)၊ ဗြိတိန်နဲ့ ကနေဒါတို့က အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ကြောင်း အောက်တိုဘာ ၂၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသားတွေနဲ့ ဒေသတွင်း တခြားနိုင်ငံတွေက လူတွေကို ပစ်မှတ်ထားနေတဲ့ အွန်လိုင်း လူလိမ်ဂိုဏ်းတွေအတွက် တာဝန်ရှိပြီး စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ လူသုံးဦးနဲ့ လုပ်ငန်း တစ်ခုကို အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ကြောင်း အီးယူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အီးယူက သူတို့ရဲ့ အရေးယူ ပိတ်ဆို့မှုစာရင်းမှာ ချစ်လင်းမြိုင် အုပ်စု CLM နဲ့ တည်ထောင်သူ ဗိုလ်မှူး စောချစ်သူတို့ကိုပါ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။
ချစ်လင်းမြိုင်အုပ်စုဟာ မြဝတီမြို့ အပိုင်ဒေသတစ်ခုရှိ အွန်လိုင်းလူလိမ်ဂိုဏ်းတွေဆီကနေ အကျိုးအမြတ်တွေ ရရှိနေတဲ့ လုပ်ငန်းစု ဖြစ်တယ်လို့ အီးယူက ဖော်ပြထားပါတယ်။
ထိုင်းနယ်စပ်ရှိ ရွှေကုက္ကိုလ်မြို့ဟာလည်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပွားနေတဲ့နေရာ ဖြစ်တယ်လို့လည်း အီးယူက ပြောပါတယ်။
ဒါ့အပြင် CLM အုပ်စုဟာ စစ်တပ်နဲ့ အဆက်အသွယ်ရှိပြီး တော်လှန်ရေးတပ်တွေရဲ့ တည်နေရာတွေကို ပြောပြပေးတာ အတင်းအကြပ် စစ်သား စုဆောင်းပေးတာတွေ လုပ်ပေးနေပါတယ်လို့ အီးယူက ပြောပါတယ်။
အီးယူရဲ့ အရေးယူ ပိတ်ဆို့မှုစာရင်းမှာ စောချစ်သူနဲ့ အတူ ဒုဗိုလ်မှူးကြီး တစ်ဦးနဲ့ ဗိုလ်မှူး တင်ဝင်းတို့လည်း ပါဝင်ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့မှာပဲ ကနေဒါနဲ့ ဗြိတိန်တို့က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေမှုအတွက် တုံ့ပြန်တဲ့အနေနဲ့ အရေးယူ ပိတ်ဆို့ ထပ်မံပြုလုပ်လိုက်ကြောင်း ကြေညာပါတယ်။
အဲဒီနှစ်နိုင်ငံရဲ့ အရေးယူ ပိတ်ဆို့မှုစာရင်းမှာ စစ်တပ်ကို လက်နက်တွေ ထောက်ပံ့နေတယ်လို့ စွပ်စွဲခံထားရတဲ့ လုပ်ငန်း လေးခုနဲ့ လူပုဂ္ဂိုလ် သုံးဦး ပါဝင်ပါတယ်။
မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု ဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒ အကောင်အထည် ပေါ်လာစေရေး ဆက်လက် ကူညီပေးမှာ ဖြစ်သလို စစ်ကောင်စီကို နောက်ထပ် ဖိအားပေးသွားမှာ ဖြစ်တယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
Ref:EU