မော်လမြိုင်၊ အောက်တိုဘာ ၃၀
၂၀၂၄ ခုနှစ် ပထမဆယ်လအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ သေဆုံးသူ စုစုပေါင်း ၅၀ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အောက်တိုဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ အောက်တိုဘာ ၂၉ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကြောရေးမှာ သေဆုံးသူ အမျိုးသား ၁၂ ဦးနဲ့ ရဲစခန်းမှာ အမျိုးသမီး ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား ၂၅ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာနေ ဦးရဲအောင်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ည ၊ ၅၂ က တို့နဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
အဲဒီနောက် ထားဝယ်အကျဉ်းထောင်မှာ လေဖြတ်ရောဂါခံစားခဲ့ရပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ အကျဉ်းထောင်ကနေ ထားဝယ်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသပေမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၃ ဦး ရှိပြီး အဲဒီထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်မှုကြောင့် သေဆုံးသူ ၆၃ ဦး ပါဝင်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၂၇,၅၉၂ ဦးရှိပြီး အဲဒီထဲမှာ လူဦးရေ နှစ်သောင်းကျော်ဟာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media