မကွေး အောက်တိုဘာ ၂၉

မကွေးတိုင်း ချောက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ အရပ်သားပြည်သူ ၂၀၀၀၀ ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်း ထိုးမှုတွေကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

“အဲဒီဒေသတွေမှာ စစ်ဘေးအတွက် ကြိုတင်ပြင်ဆင်ထားတာမျိုးတွေ မရှိတဲ့အတွက် စစ်ဘေးသင့် စစ်ဘေးရှောင်တွေအတွက် Camp တွေပုံစံမျိုးတွေမရှိပါဘူး။ ဒီတော့ ပြည်သူလူထုက အဆင်ပြေသလိုပဲ ရှောင်တိမ်းနေကြရတယ်” လို့ မကွေးလူထုတိုက်ပွဲကော်မတီက ကိုချစ်ဝင်းမောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေက ရုတ်တရက် စစ်ရှောင်ရတဲ့အတွက်နေထိုင်ရေးနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေရှိနေကာ အသက်အရွယ်ကြီးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် ဆေးဝါးတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အင်အား ၅၀၀ ကျော်ပါဝင်တဲ့ စစ်ကြောင်း ၄ ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား အောက်တိုဘာ ၂၇ ရက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူအပြင် သာလွန်အင်အားနဲ့ပါ စစ်ကြောင်းထိုးလာတဲ့အတွက် ကျေးရွာနေ ပြည်သူတွေ စစ်ရှောင်နေရတာပါ။

ဒါ့အပြင် စစ်ကောင်စီက ရွာမ၊ နရွဲတော၊ ကံမရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ အောက်တိုဘာ ၂၉ ရက်အထိ ပျက်စီးဆုံးရှုံးမှုကို အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

အခုလိုမျိုး စ​စ်​​ကြောင်းထိုးလာတာဟာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကနေ စတင်ခဲ့တာဖြစ်ပြီးတော့ ဒေသခံတွေအပေါ် လူမဆန်တဲ့လုပ်ရပ်တွေ လုပ်ခဲ့တာဖြစ်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.