ကျိုက်ထို၊ အောက်တိုဘာ ၃၁
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲကို အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် တစ်ကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဲရုံးကြီးကျေးရွာကနေ ကျောက်ပုံကျေးရွာဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျောက်ပုံကျေးရွာနဲ့အနီးအနားဝန်း ကျင် ကျေးရွာ ၃ ရွာက ဒေသခံ ၅၀၀ ကျော် ဘေးလွတ်ရာ နေရာတွေထံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကြောင်းမထိုးတာ လေးလကျော်ရှိပြီး အခုအခါမှ တစ်ကျော့ပြန်စစ်ကြောင်းထိုး ဝင်ရောက် လာတာ ဖြစ်ပါတယ်။
ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာ၊ လက်နက် ကြီး ပစ်ခတ်တာ၊ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရင်းတပ်စခန်းတွေကို မကြာခဏဆိုသလို သွားရောက်တိုက်ခိုက်တာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းနဲ့ကျောက်တန်းလေးကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားတွေအပြင် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ