ဂျေရုစလင်၊ အောက်တိုဘာ ၁၅

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ စစ်ပွဲ စတင်ပြီးနောက်ပိုင်း အီရန် ထောက်ပံ့ထားတဲ့ လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးကို အဆိုးရွားဆုံး တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက လုံးဝ ညှာတာမှု မရှိဘဲ လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အောက်တိုဘာ ၁၄ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။

အောက်တိုဘာ ၁၃ ရက်မှာ အစ္စရေး အခြေစိုက်စခန်းကို ဟစ်ဇဘိုလာ အဖွဲ့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား လေးဦး သေဆုံးခဲ့ပြီး လူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားတွေက ပြောကြားထားပါတယ်။

ဘေရွတ်မြို့ အပါအဝင် လက်ဘနွန်ရှိ ဒေသအားလုံးမှာ ရှိနေတဲ့ ဟစ်ဇဘိုလာတပ်ဖွဲ့တွေကို အညှာအတာမဲ့ ဆက်လက် တိုက်ခိုက်သွားမယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ပြောပါတယ်။

ဘေရွတ်မြို့ မြို့လယ်ခေါင်မှာ လူ ၂၂ ဦး သေဆုံးခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွက် လက်စားပြန်ချေတဲ့အနေနဲ့ အစ္စရေး အခြေစိုက် စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဟစ်ဇဘိုလာအဖွဲ့က ပြောဆိုထားပါတယ်။

စက်တင်ဘာ ၂၃ ရက်မှာ လက်ဘနွန်ရှိ ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း စစ်ပွဲအတွင်း သေဆုံးသူ ၁၃၁၅ ဦးအထိ ရှိလာကြောင်း အေအက်ဖ်ပီ သတင်းဌာနရဲ့ စာရင်းအရ သိရပါတယ်။

လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနကတော့ အမှန်တကယ် သေဆုံးသူ အရေအတွက် အဲဒီထက် ပိုများနိုင်တယ်လို့ ပြောဆိုထားပါတယ်။

လက်ဘနွန်နယ်စပ်မှာ ဟစ်ဇဘိုလာနဲ့ အစ္စရေးကြား အပြန်အလှန် တိုက်ခိုက်မှုတွေ တစ်နှစ်နီးပါး ကြာမြင့်လာတဲ့အချိန်မှာ အစ္စရေးက ပြီးခဲ့တဲ့လမှာပဲ လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ အရှိန်မြှင့် စတင် တိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်ဖွဲ့တွေလည်း စေလွှတ်ထားပါတယ်။

ဟစ်ဇဘိုလာက ဂါဇာမှာရှိတဲ့ ဟားမာ့စ် အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပြောထားပြီး အစ္စရေးဘက်က စစ်ပွဲ မရပ်သရွေ့ မိမိတို့ရဲ့ တိုက်ခိုက်မှုတွေကိုလည်း ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဂါဇာ၊ လက်ဘနွန် စစ်ပွဲတွေနဲ့အတူ အီရန်က ဟစ်ဇဘိုလာနဲ့ ဟားမာ့စ်ကို ထောက်ပံ့နေပြီး ဒေသတွင်းကြီးမားတဲ့ စစ်ပွဲမှာ အခြား မဟာမိတ်တွေလည်း ပါဝင်လာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.