နေပြည်တော် ၊ အောက်တိုဘာ ၁၆

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြဖို့နဲ့ လက်နက်ကိုင်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုခြင်း ၉ နှစ်မြောက် နှစ်ပတ်လည်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောဆိုခဲ့တာပါ။

နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ နိုင်ငံရေးအမြင်မတူမှုတွေကနေ ပေါ်ပေါက်လာတာကြောင့် နိုင်ငံရေးနည်းအရဖြေရှင်းကြဖို့ ဖိတ်ခေါ်မှုတွေ ပြုလုပ်နေပြီး အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ ဆုံဆွေးနွေးမှုလမ်းကြောင်းမှာ ပါဝင်လျှောက်လှမ်းကြဖို့ ပြောပါတယ်။

ဒါပေမယ့် လက်နက်ကိုင်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းတဲ့နည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်တပ်ကဆောင်ရွက်နေတဲ့ တည်ငြိမ်ရေးလုပ်ငန်း စဉ်တွေမှာ ပူးပေါင်းပါဝင်ပြီး မိမိတို့ရဲ့လိုလားချက်တွေကို တွေ့ဆုံဆွေးနွေးမှုတွေကနေ ညှိနှိုင်းတောင်းဆိုကြဖို့ တိုက်တွန်းထားတာပါ။

တစ်ဘက်မှာတော့ စစ်တပ်အနေနဲ့ တော်လှန်ရေးအဖွဲ့တွေကို နှိမ်နင်းဖို့လိုအပ်တဲ့ လုပ်ဆောင်ထိုက်တာတွေကို ထပ်မံဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုကြဖို့လည်း စစ်ခေါင်း ဆောင်က ငြိမ်းချမ်းရေးစကားပြောပြီး ခြိမ်းခြောက်ပါသေးတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်လည်း NCA လမ်းကြောင်းအတိုင်း သွားမှာဖြစ်ပြီး NCA သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်သွားဖို့အတိအလင်းပြောကြားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးချိန်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း တော်လှန် ရေးအင်အားစုတွေက ကြေညာထားကြတဲ့အတွက် အဲဒီဥပဒေကနေ ဖြစ်လာတဲ့ NCA စာချုပ်အရ နိုင်ငံရေးဆွေးနွေးဖို့ ပြောဆိုမှုဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတဲ့အဖြစ်လို့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။

တစ်ဘက်မှာ NCA စာချုပ်ပါ အခန်း ၁ အခြေခံမူတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အဆုံး သတ်သွားခဲ့ရတဲ့အတွက် စာချုပ်ပျက်ပြယ်ပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင် ထုတ်ပြောထားပါတယ်။

အခြေခံမူမှာ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အနှစ်သာ ရတွေ ထည့်သွင်းပြဌာန်းခဲ့ပေမယ့် စစ်တပ်က မဲမသမာမှုအကြောင်းပြချက်နဲ့ လက်နက်အားကိုးပြီး နိုင်ငံ့အာဏာကို သိမ်းယူခဲ့တာကြောင့်ပါ။

စစ်ကောင်စီအနေနဲ့ လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးနီးပါးအနှံ့ ခုခံတော်လှန်ထိုးစစ်ကြောင့် မြို့ပေါင်း ၈၀ နဲ့ တိုင်း စစ်ဌာနချုပ်တစ်ခုကို လက်လွှတ်ထားရတဲ့အခြေအနေမှာ တော်လှန်ရေးအဖွဲ့တွေကို နိုင်ငံရေးစားပွဲဝိုင်းပေါ် ဖိတ်ခေါ်တာတွေ ဆက်တိုက်တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် အရင်က ဆုကြေးငွေပေးပြီး လက်နက်ချအ လင်းဝင်ခိုင်းတဲ့ PDF တွေကိုပါ ကမ်းလှမ်းလာခဲ့တာပါ။

နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုတဲ့ စစ်ကောင်စီက သူကိုယ်တိုင်လက်နက်မစွန့်ဘဲ အာဏာရှင်ဆန်ဆန် တော်လှန်ရေးအဖွဲ့တွေကို လက်နက်စွန့်ခိုင်းပြီး ပါတီနိုင်ငံရေး လွှတ်တော်လမ်းကြောင်းကနေ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီအပေါ် စနစ်ပြောင်းတော်လှန်ရေးကို ဦးတည်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NUG ၊ NUCC အပါအဝင် PDF တွေက လက်မခံဘဲ ပြတ်ပြတ်သားသား ငြင်းပယ်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.