မော်လမြိုင်၊ အောက်တိုဘာ ၁၆

မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို သတ်မှတ်ထားတဲ့ရက်အတိုင်း ကောက်ယူခဲ့ပေမယ့် ပြီးစီးမှုမရှိသေးဘူးလို့ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့မှာ ပါဝင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်ခဲ့တာပါ။

ဒါပေမယ့် ပြည်နယ်အတွင်းမှာတော့ သန်းခေါင်စာရင်းကောက်ယူရာမှာ အချိန်မလုံလောက်တာ၊ လုံ ခြုံရေးအရ သွားလာဖို့အခက်အခဲရှိတဲ့နေရာတွေမှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမှု သတ်မှတ်ရက်အတွင်း မပြီးစီးခဲ့တဲ့အတွက် အချိန်နောက်နှစ်ပတ် ထပ်ယူသွားဖို့ ပြည်နယ်စစ်ကောင်စီထံ တင်ပြထားတယ်လို့ ဆိုပါတယ်။

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကတော့ သတ်မှတ်ကာလအတွင်း သန်းခေါင် စာရင်းမကောက်ယူနိုင်တဲ့ နေရာဒေသတွေကို ဒီဇင်ဘာလမတိုင်မီ သန်းခေါင်စာရင်း အပြီးကောက်ဖို့ ညွှန်ကြားထာတာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ တချို့ဒေသတွေအတွင်း သန်းခေါင်စာရင်း ကောက်ယူရာမှာ လုံခြုံ ရေးစိုးရိမ်မှုကြောင့် မေးခွန်းပုံစံတွေကို အတိအကျ မေးမြန်းတာမရှိဘဲ ဟန်ပြလောက်သာ ကောက် ယူသွားတယ်လို့ သိရပါတယ်။

အဲဒီထဲမှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်၊ မွန်ပြည်သစ်ပါတီ NMSP ၊ မွန်ပြည်သစ်ပါတီ NMSP AD အပါအဝင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ စစ်ကောင်စီဘက်က သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိပါဘူး။

မွန်ပြည်နယ်မှာတော့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စစ်ကောင်စီ ခန့်မှန်းထုတ်ပြန်တဲ့ လူဦးရေစာရင်းအရ အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၁ ဒသမ ၉ သန်းကျော် ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.