ဆိုးလ်၊ အောက်တိုဘာ ၁၅

ပြုံးယမ်းမှာ ဒရုန်းပျံသန်းမှုတွေနဲ့ ပတ်သက်လို့ အငြင်းပွားမှု အရှိန်မြင့်တက်လာချိန်မှာ မြောက်ကိုရီးယားက ပစ်ခတ် တိုက်ခိုက်ဖို့ နယ်စပ်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေကို ကြိုတင် ပြင်ဆင်ခိုင်းထားပြီးနောက် တောင်ကိုရီးယား စစ်တပ်က တုံ့ပြန်ဖို့ ရာနှုန်းပြည့် အဆင့်သင့်ရှိတယ်လို့ အောက်တိုဘာ ၁၄ ရက်က ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားက ဆူပူအုံကြွမှု ဖြစ်စေနိုင်တဲ့ ကောလာဟလတွေ၊ အရေးမပါတဲ့ အရေးအသားတွေနဲ့ ပြည့်နှက်နေတဲ့ ဝါဒဖြန့် လက်ကမ်း စာစောင်တွေကို ဝေဟင်က ပစ်ချဖို့ မြို့တော် ပြုံးယမ်းသို့ ဒရုန်းတွေ စေလွှတ်နေတယ်လို့ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားဘက်က စွပ်စွဲထားပြီး နောက်ထပ် ဒရုန်း တစ်စီးတွေ့ရင် စစ်ကြေညာတာပဲလို့ မှတ်ယူမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်က သတိပေးခဲ့ပါတယ်။

အဲဒီ ဒရုန်း ပျံသန်းမှုတွေရဲ့ နောက်ကွယ်မှာ မိမိတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ တောင်ကိုရီးယား စစ်တပ်က ငြင်းဆိုထားပြီး ပြည်တွင်းမှာ ပြောဆိုနေကြတာကတော့ တက်ကြွလှုပ်ရှားသူတွေရဲ့ လက်ချက်လို့ ဆိုပါတယ်။

တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူတွေဟာ ဝါဒဖြန့် စာရွက်စာတမ်းတွေနဲ့ အမေရိကန် ငွေကြေးတွေကို မြောက်ပိုင်းသို့ ပို့ဆောင်နေကြတာ ကြာပြီခဲ့ပြီဖြစ်သလို မိုးပျံ ပူပေါင်းတွေနဲ့ ပို့ဆောင်လေ့ ရှိခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားက တောင်ကိုရီးယား အစိုးရကို တရားဝင် အပြစ်တင်ရမယ်လို့ ပြောဆိုထားပြီး နယ်စပ်ရှိ လက်နက်ကြီး တပ်မ ၈ ခုကို ပစ်ခတ် တိုက်ခိုက်ရေးအတွက် ရာနှုန်းပြည့် အသင့်ပြင်ခိုင်းထားပါတယ်။

ပြုံးယမ်းရှိ ဝေဟင် စောင့်ကြည့်ရေး တပ်စခန်းတွေကိုလည်း အင်အား ဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ စစ်တပ်က အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တုံ့ပြန်ရေး ရာနှုန်းပြည့် အသင့်ပြင်ထားပါတယ်လို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ လီဆောင်ဂျုံးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကိုရီးယား ဝါဒဖြန့် ဒရုန်းတွေ ပြုံးယမ်းမြို့ လေပိုင်နက်ထဲသို့ သုံးကြိမ် ဝင်ရောက်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

ဒီလုပ်ရပ်တွေကို မရပ်တန့်ဘူးဆိုရင် ဆိုးရွားတဲ့ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးမားတဲ့ ညီမ ဖြစ်သူက တောင်ကိုရီးယားကို ခြိမ်းခြောက်ထားပါတယ်။

ဒီအတောအတွင်း ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ လမ်းမကို မြောက်ကိုရီးယားက ဖောက်ခွဲ ဖျက်ဆီးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.