နေပြည်တော် ၊ အောက်တိုဘာ ၁၅

စစ်ကောင်စီကို အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးအတွက် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ပေးတာဟာ တရားဝင်မှုပေးရုံသာမက အကြမ်းဖက်လုပ်ရပ်တွေကိုပါ အာဆီယံကဂုဏ်ပြုထောက်ခံပေးနေတာလို့ Justice for Myanmar က ပြောပါတယ်။

ရေတပ်ဦးစီးချုပ်များ အစည်းအဝေးကတဆင့် စစ်ကောင်စီကျူးလွန်နေတဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာ အာဆီယံက ပိုမိုရှုပ်ထွေးနက်နဲစွာ ပါဝင်လာတဲ့အပေါ် Justice for Myanmar က အောက် တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

အာဆီယံအနေနဲ့ စစ်ကောင်စီကို တရားဝင်မှုပေးအပ်ရုံသာမက အပြစ်မဲ့အရပ်သားပြည်သူတွေကို သတ်ဖြတ် မုဒိမ်းကျင့် စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ဗုံးခွဲဖျက်ဆီး အစုလိုက်အပြုံလိုက် အိုးအိမ်မဲ့ဖြစ်စေခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ထောက်ခံပေးခြင်းသာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

အခုလို အမှားအယွင်းတွေကို အာဆီယံက ဆက်တိုက်ကျူးလွန်နေပေမယ့် နိုင်ငံတကာအသိုင်းအ ဝိုင်းအနေနဲ့ အာဆီယံရဲ့ နောက်မှာ ပုန်းကွယ်နေကြဲဆဲပင်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်း ပိုမိုဆိုးရွားလာစေနိုင်တာကို ရပ်တန့်ဖို့နဲ့ စစ်ကောင်စီရဲ့ ရန်ပုံငွေစစ်လက်နက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ လက်လှမ်းမီနေမှုအားလုံးကို တားဆီးဖို့ နိုင်ငံ တကာရဲ့ အရေးယူမှုတွေကို ပံ့ပိုးကူညီမယ့်အချိန်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာဥပဒေတွေအောက်မှာ စစ်အုပ်စုကိုတာဝန်ခံစေပြီး မြန်မာနိုင်ငံသစ်တည် ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ကြိုးပမ်းမှုတွေမှာ အာဆီယံအနေနဲ့ ပူးပေါင်းပါဝင်ရမယ်လို့ Justice for Myanmar က တောင်းဆိုတာပါ။

အာဆီယံကတော့ မြန်မာနိုင်ငံရဲ့ ပိုမိုကျယ်ပြန့်လာနေတဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ တိုက်ခိုက်မှုတွေ ချက် ချင်းရပ်တန့်ရေး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေစတင်ဖို့ လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ ထိပ်သီးစည်းအဝေးအပြီးမှာ ဘုံသဘောတူညီချက်အဖြစ် တိုက်တွန်းထားပါတယ်။

အဲဒီဆွေးနွေးမှုတွေကို မြန်မာနိုင်ငံသားတွေ ဦးဆောင်ပြီး ကိုယ်တိုင်ဆွေးနွေးဖြေရှင်းရမှာဖြစ်သလို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်မယ့် အခြေအနေတွေဖန်တီးဖို့လည်း အာဆီယံရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.