မကွေး အောက်တိုဘာ ၁၅
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ရွာသားတစ်ဦးကို လုယက်ခဲ့သူတွေအားတစ်ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်က ဂန့်ဂေါမြို့နယ် ရှောက်ပင်(အောင်မြင်)ရွာနဲ့ခေါက်ခူရွာကြားမှာ လုယက်မှု ဖြစ်ပွားတာဖြစ်ပြီး ကျူးလွန်သူတွေကိုအောက်တိုဘာ ၁၃ ရက်မှာဖမ်းဆီးရမိခဲ့တာပါ။
“လောလောဆယ်တော့ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်။ တောင်ပိုင်းမှာ မိတာ” လို့ ဂန့်ဂေါမြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးကသံလွင်တိုင်းမ်ကို ပြောပါတယ်။
အုတ်လှ ရွာသားတစ်ဦးကို လူရှစ်ဦးက လုယက်ခဲ့တာဖြစ်ပြီး ဆိုင်ကယ်တစ်စီး၊ ရွှေလက်စွပ် တစ်ကွင်း၊ ဖုန်းတစ်လုံးနဲ့ငွေသားတို့ လုယူခံလိုက်ရတာပါ။
လုယက်သူတွေထဲက ၄ ဦးကို အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာဂန့်ဂေါမြို့နယ်တောင်ပိုင်း ပကဖရုံးအဖွဲ့နဲ့ ပြားရွာက ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိထားသူတွေဟာ ဂန့်ဂေါမြို့နယ် ပြားရွာက အမျိုးသား ၂ ဦး၊ပဲခူးတိုင်း ပြည်မြို့ကနေ CDM လုပ်လာသူ စစ်သား ၁ ဦးနဲ့ဂန့်ဂေါမြို့ မြို့မရပ်ကွက်က အမျိုးသား ၁ ဦးတို့ဖြစ်ပြီး သူတို့ကို ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media