ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၆

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝက်ဆီကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ညက ကြာအင်းဆိပ်ကြီးအခြေစိုက် အမှတ် ၂၈၄ ခြေလျင်တပ်ရင်း ဗျုဟာကုန်းကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရာကနေ ဝက်ဆီကုန်းကျေး ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် နော်အဲခူနဲ့ အသက် ၆၄ နှစ်အရွယ် ဦးပန်းမြိုင်တို့ ထိမှန်သေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ဂေလော်အဲ့နဲ့ အသက် ၁၇ နှစ်အရွယ်မလှထွန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

KNU ဗဟိုကတော့ ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေ ပိတ်ဆို့ခံရထားတဲ့အတွက် တိုက်ပွဲမရှိလည်း အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း အရပ်သားပြည်သူတွေ ထိမှန်သေဆုံးရတာ၊ အိုးအိမ်ပစ္စည်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦတွေလည်း ထိမှန်ပျက်စီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြည်သူလူထုတစ်သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.