မုံစီး၊ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးစီးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ် သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အောက်တိုဘာ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၃ နာရီခွဲအချိန်ခန့်မှာ မုံးစီးမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံးလေလုံးထက်မနည်း ကြဲချခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲကြောင့် မုံးစီးမြို့မှ ဒေသခံအမျိုးသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သလို အဆောက်အဦးတစ်ချို့ ပျက်စီးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့နေရာဟာ မုံးစီးမြို့နယ်နဲ့ တာမိုးညဲမြို့နယ် ပြည်သူတွေရဲ့ အပန်းဖြေစခန်း တစ်ခုသာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုတွေကို ဦးတည်ကာ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ TNLA က ဆိုပါတယ်။

အလားတူ ဩဂုတ် ၅ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီမှ တစ်ရက်အတွင်း လေးကြိမ်တိုင်တိုင် လေကြောင်းဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး မြို့မဈေးရှိ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်မှ အောက်တိုဘာ ၆ ရက်နေ့အထိ ရှမ်းမြောက်က မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅၅ ဦးဆေဆုံးခဲ့ကာ ၁၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.