မတ္တရာစစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရလို့ သံဃာတော်တွေအပါအဝင် ၁၂ ဦး သေဆုံး

မတ္တရာ၊ အောက်တိုဘာ ၁၂

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MDY PDF က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ မတ္တရာမြို့နယ် ဝေါစုကျေးရွာ ဘုန်းကြီး ကျောင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သံဃာတော်တွေနဲ့ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သား ပြည်သူ ၁၂ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်ရရှိသူတွေလည်း အများအပြား ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရေးနဲ့ လုံးဝမသက်ဆိုင်တဲ့ လုပ် ရပ်ဖြစ်ပြီး ဂုဏ်သိက္ခာကင်းမဲ့တဲ့ စစ်ရာဇဝတ်မှုကို ပြောင်းပြောင်းတင်းတင်းကျူးလွန်တာလို့ MDY PDF က ဆိုပါတယ်။

၂၀၂၄ ခုနှစ် မေလမှ ဩဂုတ်လအထိ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းမှ အပြစ်မဲ့ အရပ်သားပြည်သူ ၄၅၅ ဦး သေဆုံးခဲ့ပြီး ၈၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MDY PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.