ပတ္တနာ၊ စက်တင်ဘာ ၂၇

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဟိန္ဒူဘုရားပွဲ ကျင်းပချိန်အတွင်း ကလေးငယ် ၃၇ ဦး အပါအဝင် လူ ၄၆ ဦး ရေနစ် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရ အရာရှိ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို စက်တင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဘီဟာပြည်နယ်ရှိ မြစ်တွေမှာ ရေကြီးရေလျှံမှုကြောင့် ရေတွေ ပြည်လျှံနေတဲ့ ရေကန်တွေမှာ ဘာသာရေးထုံးတမ်းအရ ရေချိုးသန့်စင်မှုတွေ ပြုလုပ်ချိန်မှာ သီးခြားဖြစ်ရပ်တွေအတွင်း ရေနစ် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဘီဟာပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန အရာရှိ တစ်ဦးက ပြောဆိုထားပါတယ်။

မြစ်တွေနဲ့ ရေအိုင်တွေမှာ ရေမျက်နှာပြင် အန္တရာယ်ရှိလောက်အောင်မြင့်တက်နေတာကို လူတွေက ဂရုမစိုက်ဘဲ ဘာသာရေးပွဲတော် ဆင်နွှဲခဲ့ကြတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အဲဒီ အရာရှိက ဆိုပါတယ်။

သားသမီးတွေ ကောင်းကျိုးအတွက် မိခင်တွေ ပါဝင်ဆင်နွှဲရတဲ့ ဂျီတီယာ ပါ့ဗ် ဘုရားပွဲတော်ကို ဘီဟာပြည်နယ်ရဲ့ ဒေသ ၁၅ ခုမှာ ကျင်းပခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်မှာ ရေနစ်သေဆုံးမှုတွေ စတင် ဖြစ်ပွားခဲ့တာပါ။

အရာရှိတွေက အလောင်းသုံးလောင်းကို ပြန်လည် ဆယ်ယူနိုင်ရေး ကြိုးပမ်းနေဆဲ ဖြစ်တယ်လို့ ဒေသခံ အရာရှိက ပြောပါတယ်။

နီပေါလ်နိုင်ငံ တောင်ပိုင်း လွင်ပြင်ဒေသတွေနဲ့ အိန္ဒိယနိုင်ငံ ဥသာပရာဒက်ချ် ပြည်နယ်နဲ့ ဂျက်ခန်းပြည်နယ်တို့မှာလည်း အဲဒီ ဘုရားပွဲကို ရက်များစွာကြာ ကျင်းပလေ့ ရှိပါတယ်။

ဘီဟာပြည်နယ် အစိုးရကတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို နစ်နာကြေး ပေးဖို့ စီစဉ်ထားတယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ဘီဟာပြည်နယ်မှာ အဲဒီ ဘုရားပွဲကျင်းပချိန်အတွင်း လူ ၂၂ ဦး ရေနစ် သေဆုံးခဲ့ဖူးပါတယ်။

အိန္ဒိယမှာ ဘုရားပွဲ ပွဲတော်ကြီးတွေ ကျင်းပချိန်အတွင်း အလားတူ လူသေဆုံးမှုတွေဟာ ဖြစ်ပွားနေကျ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ဥသာပရာဒက်ချ်ပြည်နယ်မှာ ဘုရားပွဲကြီး ကျင်းပချိန် လူအုပ် တက်နင်းမိပြီး လူ ၁၁၆ ဦး သေဆုံးခဲ့ရပါတယ်။

အိန္ဒိယမှာ ဇွန်လနဲ့ စက်တင်ဘာကြား မုတ်သုန်ရာသီမှာ မိုးသည်းထန်လေ့ရှိပြီး စိုက်ပျိုးရေးအတွက် အရေးပါပေမယ့် ကြီးမားတဲ့ ထိခိုက် ပျက်စီးမှုတွေ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ကီရယ်လာ ပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံကာ မြေပြိုမှုတွေ ဖြစ်ပွားတာကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.