ဝါရှင်တန်၊ စက်တင်ဘာ ၂၇

ကျူးကျော်သူ ရုရှားတပ်တွေကို အနိုင်တိုက်ထုတ်နိုင်ဖို့ ယူကရိန်းအတွက် ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီတွေ ပေးသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ စက်တင်ဘာ ၂၆ ရက် အိမ်ဖြူတော် ခရီးစဉ်မှာ ကတိပြုခဲ့ပါတယ်။

အမေရိကန်က ပေးပို့မယ့် စစ်ရေး အကူအညီတွေမှာ Joint Standoff Weapon လို့ ခေါ်တဲ့ အတိအကျ ပဲ့ထိန်း ပစ်ခတ်နိုင်ပြီး ကီလိုမီတာ ၁၃၀ အထိ ပစ်မှတ်ရောက်ရှိနိုင်တဲ့ ချောထိုးဗုံးတွေလည်း ပထမဆုံး ပါဝင်လာမှာ ဖြစ်ပါတယ်။

တာလတ်ပစ် ဒုံးကျည်တွေကြောင့် ရုရှားတပ်တွေကို တိုက်ခိုက်ရာမှာ ယူကရိန်းတပ်တွေအနေနဲ့ လက်နက်ပိုင်း အဆင့်မြှင့်တင်နိုင်မှာ ဖြစ်သလို အန္တရာယ်ကင်းတဲ့ အကွာအဝေးကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တော့မှာပါ။

တိုက်လေယာဉ်ကနေ ဖြုတ်ချပြီး တိုက်ခိုက်ရမယ့် ဗုံးတွေကလည်း ပစ်မှတ် တိကျမှု ပိုမိုအားကောင်းတယ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အမေရိကန် ဒုံးကျည်တွေကို သုံးပြီး ရုရှားနိုင်ငံ အတွင်းနက်နက်ထဲအထိ တိုက်ခိုက်ဖို့ သမ္မတ ဘိုင်ဒန်က ယူကရိန်းကို ခွင့်မပြုခဲ့ဘူးလို့ အမေရိကန်အရာရှိ တစ်ဦးက ပြောကြားထားပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ရုရှား ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းကို ကူညီပေးရေးဟာ အမေရိကန်ရဲ့ ထိပ်တန်း ဦးစားပေးကိစ္စ ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်က ကြေညာချက် တစ်ရပ်မှာ ဖော်ပြပါတယ်။

အမေရိကန်ရဲ့ အခု အကူအညီကြောင့် ယူကရိန်းအတွက် လေကြောင်းရန် ကာကွယ်ရေး နောက်ထပ် အင်အားရှိလာမှာ ဖြစ်သလို လူမလိုတဲ့ ဝေဟင် တိုက်ခိုက်ရေး စွမ်းပကားတွေကိုလည်း တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းအတွက် Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ ဒုံးကျည်တွေ ထပ်မံ ပေးပို့ ကူညီသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ယူကရိန်း အက်ဖ်-၁၆ လေယာဉ်မှူးတွေကို လေ့ကျင့် သင်ကြားပေးနေတဲ့ အစီအစဉ်ကို တိုးချဲ့ဖို့လည်း သမ္မတ ဘိုင်ဒန်က ညွှန်ကြားထားပြီး လာမယ့်နှစ်မှာ လေယာဉ်မှူး ၁၈ ဦးကို လေ့ကျင့် သင်ကြားပေးမှာ ဖြစ်ပါတယ်။

လာမယ့်လမှာ ယူကရိန်းကို ကူညီဖို့ သဘောတူထားတဲ့ နိုင်ငံတွေ ပါဝင်တဲ့ အစည်းအဝေး တစ်ရပ်ကို ဂျာမနီမှာ ကျင်းပသွားမှာ ဖြစ်ပြီး ယူကရိန်းကို ကူညီမယ့် နိုင်ငံပေါင်း ၅၀ ကျော်ကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.