ဘေဂျင်း၊ စက်တင်ဘာ ၂၆

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM တစ်စင်းကို နိုင်ငံတကာ ရေပိုင်နက်သို့ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ တရုတ်က ပြောလိုက်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေက ကန့်ကွက်ခဲ့ကြပါတယ်။

နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး စမ်းသပ်ပစ်ခတ်မှု ဖြစ်တဲ့ စက်တင်ဘာ ၂၅ ရက်က ပစ်ခတ်မှုဟာ ဘယ်နိုင်ငံ၊ ဘယ်ပစ်မှတ်အတွက်မှ ရည်ရွယ်တာ မဟုတ်ဘူးလို့ တရုတ်အစိုးရက ပြောပါတယ်။

အစိုးရအနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေကို ကြိုတင် အသိပေးခဲ့ကြောင်းလည်း တရုတ် မီဒီယာက ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဂျပန်က မိမိတို့ကို ကြိုတင် သတိပေးတာ မရှိခဲ့ဘူးလို့ ပြောကြားပြီး သြစတြေးလျ၊ နယူးဇီလန်တို့နဲ့အတူ တရုတ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ထားကြပါတယ်။

ဒီစမ်းသပ်မှုက တရုတ်ရဲ့ ပိုများလာတဲ့ တာဝေးပစ် နျူကလီးယား စွမ်းပကားတွေကို မီးမောင်းထိုးပြနေတာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြားပြီး အင်ဒို-ပစိဖိတ်ဒေသအတွင်း တင်းမာမှုတွေ ဖြစ်ပေါ် စေပါတယ်။

ကာကွယ်ရေး ဆိုင်ရာ အဆင့်မြှင့်တင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ဟာ နျူကလီးယား လက်နက်တိုက်ကို အားဖြည့် တည်ဆောက်နေတယ်လို့ အမေရိကန်က ပြီးခဲ့တဲ့နှစ်က သတိပေးထားခဲ့ဖူးပါတယ်။

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစ်စင်းဟာ ကီလိုမီတာ ၅၅၀၀ အထိ ပစ်ခတ် ရောက်ရှိနိုင်တာကြောင့် အမေရိကန်နိုင်ငံ ကုန်းမကြီးနဲ့ ဟာဝိုင်အီတို့ဟာ တရုတ်ဘက်က ပစ်ခတ် ရောက်ရှိနိုင်တဲ့ အကွာအဝေးအတွင်း ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘေဂျင်းရဲ့ လက်နက်တိုက်ဟာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ လက်နက်တိုက်တွေရဲ့ ငါးပုံ တစ်ပုံအောက်ပဲ ရှိမယ်လို့ ခန့်မှန်းရပြီး တရုတ်က မိမိတို့ရဲ့ နျူကလီးယား လက်နက်တွေဟာ ခုခံတားဆီးရေး အတွက်ပဲ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၄ မိနစ်မှာ တာဝေးပစ်ပဲ့ထိန်း ဒုံးကျည် တစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ တရုတ်ဘက်က ကြေညာထားတာလည်း ဖြစ်ပါတယ်။

အမေရိကန်က ထိုင်ဝမ်ဆီ လက်နက်တွေ ဆက်လက် ရောင်းချနေမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဘေဂျင်းက ဝါရှင်တန်နဲ့ နျူကလီးယား လက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

တရုတ်ဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို ခေတ်မီအောင် လုပ်ဆောင်နေပေမယ့် ပိုင်ဆိုင်ထားတဲ့ လက်နက် အရေအတွက်က အမေရိကန်နဲ့ ရုရှားတို့ကို လိုက်မီဖို့ အများကြီး လိုသေးတယ်လို့ ဆိုပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.