အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “မန္တလေးတိုင်း ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာ ရေကြီးရေလျှံမှုမှာ လူရှစ်ဦးသာ သေဆုံးခဲ့ကြောင်း” စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းအပါအဝင် တပ်လော်ဘီချန်နယ်တွေမှာ သတင်းအမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီ၊ ကြေးမုံ၊မြန်မာ့အလင်းသတင်းစာအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း ရမည်းသင်းမြို့နယ် အရှေ့ဘက်ခြမ်းက တောင်ပေါ်ရွာတွေနဲ့ မိုးထိမိုးမိရွှေလုပ်ကွက် အနီးတစ်ဝိုက်က ရွာတွေမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ရေစီးနဲ့ မျောပါပျောက်ဆုံးနေတဲ့ လူဦးရေ နှစ်ရာနီးပါးရှိနေတယ်လို့ ဒေသခံတွေကို မေးမြန်းကာ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရမည်းသင်းမြို့နယ်ထဲက ကျေးရွာအများအပြား တောင်ကျချောင်းရေ တိုက်စားသွားပြီး သပြေပင်ကျေးရွာ အပါအဝင် တောင်ပေါ်ကျေးရွာတွေ ဖြစ်ကြတဲ့ အရှေ့ပင်၊ ငါးတဲစု၊ ဝါးဖြူတောင်အထက်၊ ဝါးဖြူတောင်အောက်၊ ချောင်းဖျား၊ ကြွက်တောကျေးရွာနဲ့ ကန်သာအေးကျေးရွာတွေဟာ တောင်ကျရေကြောင့် ရွာလုံးကျွတ် မြေဖုံးလွှမ်းသွားကာ မြေအောက်နစ်မြှုပ်သွားတာဖြစ်တယ်လို့ DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တောင်ပေါ်ရွာတွေက မျောလာတဲ့အလောင်းတွေဟာ မြေပြန့်ရွာတွေဖြစ်တဲ့ မြင်းနားနဲ့ တောင်တဲကုန်းရွာတွေမှာရှိတဲ့ လယ်ကွက်တွေထဲမှာ လာစုနေပြီး စက်တင်ဘာ ၁၄ရက်နေ့ မနက်ပိုင်းအထိ ဆယ်ယူရရှိတဲ့ ရုပ်အလောင်းနှစ်ဆယ်ကို သင်္ဂြိုဟ်ပြီးသွားပြီလို့ မြင်းနားဒေသခံတွေရဲ့ ပြောပြချက်ကို RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

DVB သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=930029262488784&id=100064451569209&mibextid=oFDknk&rdid=9CBIdauJ6Qv2RH9E

RFA သတင်းဌာနကဖော်ပြထားတဲ့လင့်

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.