မောင်တော၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ မောင်တောမြို့အပါအဝင် မြို့ ရှစ်မြို့ကို အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေတယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

ရခိုင်ဒေသမှာစတင်ခဲ့တဲ့ စစ်ဆင်ရေးဆယ်လအတွင်း ရက္ခိုင့်တပ်တော် AA ဟာ ချင်းပြည်နယ်က ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။

အဲဒီမြို့သိမ်းတိုက်ပွဲတွေမှာ AA ဟာ အာရက္ခဒေသက ပြည်သူတွေရဲ့ အခြေခံတိုက်တာအဆောက်အုံ၊ လူနေအိမ်နဲ့ အရပ်သားပြည်သူတွေကို အထိအခိုက်အပျက်အစီး မရှိစေဖို့ အလေးထားပြီး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဟာ ပြည်သူတွေရဲ့ နေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်း ကန်နဲ့ သာသနိကအဆောက်အအုံတွေအပြင် အရင်အစိုးရ အသုံးပြုခဲ့တဲ့ ဌာနဆိုင်ရာ အဆောက် အအုံတွေကို တိုက်ပွဲအတွင်းသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေ့တွေမှာပါ ကြည်း၊ ရေ၊ လေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဒီကနေ့အထိ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ရက္ခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်း ကျန်ရှိတဲ့ မောင်တော၊ တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့အားလုံးကို တစ်မြို့မကျန် အလုံးစုံ သိမ်းပိုက်ရရှိရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ အသိပေးထားပါတယ်။

ရခိုင်ဒေသတစ်ခုလုံးမှာ စစ်ကောင်စီကင်းစင်ရေးဟာ AA ရဲ့ ပထမဦးဆုံး စစ်ရေးရည်မှန်းချက်ဖြစ်တဲ့အပြင် မြန်မာတစ်နိုင်ငံလုံးမှ အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်ရေးရည်မှန်းချက်လည်း ဖြစ်လိမ့်မယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.