ဘားအံ၊ စက်တင်ဘာ ၁၄

သံလွင်မြစ်ရေ စံချိန်တင် ကြီးမြင့်လာမှုကြောင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ သံလွင်မြစ်ကမ်းတလျှောက်က ကျေးရွာတွေအားလုံးလိုလိုမှာ ရေကြီးနစ်မြုပ်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး ပိတ်မိနေသူတွေ အများအပြား ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၇ ပေကျော်အထိ ကျော်လွန်ရောက်ရှိနေပြီး မြို့ပေါ်နေရာ အားလုံးလိုလိုမှာ ရေကြီးနစ်မြုပ်မှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပါတယ်။

သံလွင်မြစ်ရေ စံချိန်တင်ကြီးမြင့်မှုနဲ့အတူ ရေတက်နှုန်း မြန်ဆန်နေတဲ့အတွက် ပိတ်မိနေသူတွေ အများအပြားရှိခဲ့ပြီး ရေဘေးသင့် ပြည်သူတွေကိုတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက နိုင်တဲ့ဝန်နဲ့ ယာယီရေဘေးရှောင်စခန်းတွေဆီ ပြောင်းရွှေ့ပေးနေရတယ်လို့ သိရပါတယ်။

ဘားအံရေဘေး ကူညီရာမှာ အဖွဲ့အစည်း အင်အားနည်းပါးတာ၊ ကယ်ဆယ်ရေးပစ္စည်း မလုံလောက်တဲ့အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမမောင်းမြို့၊ လှိုင်းဘွဲ့မြို့ သံလွင်မြစ်ကမ်းတလျှောက်က ရွှေဂွန်း၊ ကမ်းနီအပါအဝင် ကျေးရွာတွေအားလုံးလိုလိုမှာ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီး အစားအစာနဲ့ သောက်သုံးရေတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သံလွင်မြစ်ရေကြီးမှုကြောင့် ဘားအံ-မြိုင်ကလေး-သထုံလမ်း၊ ဘားအံ-ဇာသပြင်-မော်လမြိုင်လမ်း၊ ဘားအံ-ရွှေဂွန်း-မြိုင်ကြီးငူ ကားလမ်းတို့မှာ ယာဉ်ငယ်တွေ သွားလာလို့ မရတော့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။

ဘားအံမြို့မှာ ၇ ပေကျော်အထိ ကျော်လွန်ရောက်ရှိနေတဲ့ သံလွင်မြစ်ရေဟာ နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် ထပ်မံမြင့်တက်လာနိုင်တဲ့အတွက် မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းအနီးနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.