နောင်ချို၊ စက်တင်ဘာ ၁၄
တအာင်းတပ်မတော် TNLA သိမ်းပိုက်အုပ်ချုပ်နေတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံး ၁၃ လုံး ထပ်မံကြဲချသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လည် ၁၂ ခွဲနာရီအချိန်ကနေ နေ့လည် ၁ နာရီခွဲအချိန်အထိ နောင်ချိုမြို့ကို ထပ်ခါထပ်ခါ လာရောက်ဗုံးကြဲသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းနဲ့ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အ ဆောက်အဦးတွေ ထိခိုက်ပျက်စီသွားခဲပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
အလားတူ အဲဒီနေ့မှာ စစ်ကောင်စီတပ်ဟာ ကိုးကန့်အဖွဲ့ သိမ်းပိုက်ထားတဲ့ လာရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ခြင်းမရှိတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ် ပေါင် ၅၀၀ ဗုံး ကြဲချမှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော် အုပ်ချုပ်နေတဲ့ မြို့တွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့နမ့်ခမ်းမြို့တို့မှာ အရပ်သားပစ်မှတ်တွေ ဦးတည်ကာ လူအများအပြားသေစေနိုင်တဲ့ ပေါင် ၅၀၀ ဗုံးတွေ နေ့စဉ်လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA