လွိုင်ကော် ၊ စက်တင်ဘာ ၁၄

လေ့ကျင့်ရေးပြုလုပ်နေစဉ် ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါ သေဆုံးခဲ့ရမှုအပေါ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

KNDF ရဲ့ ဆေးဌာနကနေ ကြီးမှူးဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသားတွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ့မှာ သင်ခန်းစာမစ်ရှင်အတွက် လေ့ကျင့်ရေးပြုလုပ်နေစဉ် ချောင်းတစ်ခုကို ဖြတ်ကျော်ဖို့ ကြိုးပမ်းရာ မတော်တဆဖြစ်ပွားကာ အသက်ဆုံးရှုံးခဲ့ရတာပါ။

ဆေးသင်တန်းဟာ KNDF နဲ့ တပ်ပေါင်းစုံတို့ရဲ့ လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ပိုမိုတိုးတက်ကောင်းမွန်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သင်တန်းကနေ ဆေးတပ်သားတွေ တိုးပွားလာစေဖို့ ရည်မှန်းထားပေမယ့် အခုလို မတော်တဆဖြစ်ပေါ်ခဲ့ပြီး သင်တန်းသား ၁၈ ဦး ဆုံးရှုံးခဲ့ရတဲ့အပေါ် KNDF အနေနနဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ များစွာဝမ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုလို မတော်တဆဖြစ်စဉ်ကို KNDF ဗဟိုအနေနဲ့ စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို အသိပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Karenni People’s Voice

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.