လောင်းလုံး၊ စက်တင်ဘာ ၁၄

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် လေးရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ကျောက်ဆင်ကျေးရွာအုပ်စုထဲက သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီးနဲ့ ကျောက်ဆင်စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာပြီး ရက်ရှည်တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို လောင်လုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ နေ့စဉ်ရက်ဆက် သွားရောက်တိုက်ခိုက်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လေးရက်ဆက် အနီးကပ်ဝင်ရောက်တိုက်ခိုက်မှုနဲ့ မိုင်းဆွဲတိုက် ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီကျေးရွာတွေမှာ လနဲ့ချီ တပ်စွဲနေထိုင်နေခဲ့သလို တစ်ရွာဝင်တစ်ရွာထွက် လှည့်ပတ်နေပြီး ကျေးရွာအတွင်းရှိ နေအိမ်တွေကို ဖောက်ထွင်းတာနဲ့ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အခုအခါမှာတော့ အဲ့ဒီကျေးရွာကနေတဆင့် ဆုတ်ခွာသွားပြီး မောင်းမကန် နယ်မြေရဲစခန်းနဲ့ ဘုန်းကြီးကျောင်းတွေအပြင် အနီးအနားဝန်းကျင်မှာ တပ်စွဲနေထိုင်နေသလို အချိန်မရွေး စစ်ကြောင်းထိုးတာတွေ ပြန်လည်လုပ်ဆောင်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးနဲ့ ကရင်ကြီးစတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ မိုးထဲလေထဲမှာ လနဲ့ချီ ထွက်ပြေးတိမ်း ရှောင်နေတဲ့အပြင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.