ဘားအံ၊ စက်တင်ဘာ ၁၃

သံလွင်မြစ်ရေကြီးမှုကြောင့် ကရင်ပြည်နယ် ဘားအံ၊ ရွှေဂွန်း(လှိုင်းဘွဲ့)၊ ကမမောင်းမြို့အပါအဝင် မြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းအချိန်ကစပြီး သံလွင်မြစ်ရေ တဟုန်ထိုးမြင့်တက်လာနေတဲ့အတွက် ဘားအံမြို့နဲ့ ကမမောင်းမြို့တို့မှာ တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တတိယအကြိမ်မြောက် သံလွင်မြစ်ရေ ထပ်မံကြီးမြင့်လာမှုကြောင့် ကမမောင်းနဲ့ ဘားအံမြို့ တစ်မြို့လုံးနီးပါး ရေနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူတွေကို ယာယီကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်းပေးနေရပါတယ်။

သံလွင်မြစ်ရေကြီးမှုကြောင့် ဘားအံ-သထုံနဲ့ ဘားအံ-ဇာသပြင်-မော်လမြိုင်လမ်းပိုင်းမှာ ယာဉ်ကြီးတွေသွားလာလို့ရပေမယ့် ယာဉ်ငယ်တွေမှာတော့ သွားလာဖို့ မလွယ်ကူတော့ဘူးလို့ သိရပါတယ်။

လက်ရှိ သံလွင်မြစ်ရေကြီးမှုကြောင့် ဘားအံမြို့ပေါ်မှာ ယာယီရေးဘေးရှောင်ကယ်ဆယ်ရေးစခန်း ၅ ခုထက်မနည်း ဖွင့်လှစ်ထားရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ဒါ့အပြင် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်ကမ်းနံဘေးရှိ ရွှေဂွန်းကျေးရွာအတွင်းမှာ ရေကြီးနေတဲ့အတွက်ကြောင့် နေအိမ်တွေအများအပြား နစ်မြုပ်မှုဖြစ်ပေါ်နေခဲ့ပြီး ရေဘေးသင့်ဒေသခံပြည်သူတွေအတွက် သောက်ရေသန့်နဲ့ စားစရာတွေ လိုအပ်နေတယ်လို့ ရွှေဂွန်းဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း သံလွင်မြစ်ရေကြီးမှုကြောင့် ဘားအံ၊ ကမမောင်းမြို့တွေမှာ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၀ နီးပါး ဖွင့်လှစ်ခဲ့ရပြီး ရေဘေးသင့်ပြည်သူထောင်ချီ ကယ်ဆယ်ရေးစခန်းတွေဆီမှာ ရောက်ရှိခိုလှုံနေထိုင်ခဲ့ရပါတယ်။

မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၅ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.