ဟနွိုင်း၊ စက်တင်ဘာ ၁၁

စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ဗီယက်နမ်မှာ သေဆုံးသူ ၁၄၁ ဦး အထိရှိလာကြောင်း အရာရှိတွေက စက်တင်ဘာ ၁၁ ရက်မှာ ပြောကြားချိန်မှာပဲ မြစ်နီမြစ်ရဲ့ ရေမျက်နှာပြင် အလျင်အမြန် မြင့်တက်လာတာကြောင့် မြို့တော် ဟနွိုင်းမြို့ ဒေသခံတွေ ရေဘေးအန္တရာယ်ကြုံနေပါတယ်။

တိုင်ဖွန်းမုန်းတိုင်း ယာဂီ တိုက်ခတ်ချိန်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဗီယက်နမ် မြောက်ပိုင်းမှာ မြေပြိုမှုတွေ၊ ရေကြီးရေလျှံဖြစ်မှုတွေဖြစ်ပွားကာ လူ ၁၄၁ ဦး သေဆုံးခဲ့ပြီး ၆၉ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။

မုန်တိုင်းကြောင့် အဆောက်အဦတွေ တော်တော်များများလည်း ပျက်စီးခဲ့သလို စီးပွားရေးလုပ်ငန်းတွေနဲ့ စက်မှုလုပ်ငန်းတွေလည်း ထိခိုက်ခဲ့ရပါတယ်။

ဟနွိုင်းမြို့ရှိ မြစ်နီမြစ်ရဲ့ ရေပြင်ဟာ တစ်နာရီကြာတိုင်း ၁၀ စင်တီမီတာ မြင့်တက်လာနေတယ်လို့ နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ကြေညာခဲ့ပါတယ်။

ရေကြီးရေလျှံနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဟနွိုင်းမြို့ရှိ စာသင်ကျောင်း တချို့က ကျောင်းသားတွေကို အခု သီတင်းတစ်ပတ်လုံး အိမ်မှာပဲ နေကြဖို့ အကြောင်းကြားထားပါတယ်။

မြေနိမ့်ပိုင်းမှာ နေထိုင်သူ ထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ ပြောင်းရွှေ့ထားပြီး ရေကြီးရေလျှံမှုတွေအတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ အစိုးရနဲ့ နိုင်ငံပိုင် သတင်းဌာနက ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်မှာ အမေရိကန်၊ ဥရောပနဲ့ အခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေဆီ ကုန်တင်ပို့နေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ အများကြီး ရှိပြီး မုန်တိုင်းကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့အတွက် နိုင်ငံတကာ ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဆယ်စုနှစ်များစွာအတွင်း အရှေ့တောင်အာရှမှာ တိုက်ခတ်တဲ့ အားအပြင်းဆုံး မုန်တိုင်း ဖြစ်တဲ့ ယာဂီဟာ ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်ချိန်မှာ လေတိုက်နှုန်း တစ်နာရီ ၉၂ မိုင်နှုန်း ရှိပြီး စက်တင်ဘာ ၈ ရက်က အားပျော့သွားခဲ့ပေမယ့် မိုးသည်းထန်မှုကြောင့် မြစ်ရေလျှံနိုင်တဲ့ အန္တရာယ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဗီယက်နမ်မှာ နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံး တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် လူပေါင်း ၁ ဒသမ ၅ သန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

Ref:Reuters/AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.