လောင်းလုံး၊ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက် အရ သိရပါတယ်။

ကျောက်နီမော်ကျေးရွာ ငါးဦးစီးဌာနရုံးဟောင်းမှာ တပ်စွဲထားတဲ့ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ကို စက်တင်ဘာ ၉ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၄ နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ကျောက်နီမော်ပျူစောထီးစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး သုံးဦး အရှင်ဖမ်းဆီးရမိခဲ့သလို ကျန်ပျုစောထီး အဖွဲ့တွေက ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ထံ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ကျောက်နီမော်ကျေးရွာအတွင်း တပ်စွဲထားတဲ့ တခြားစစ်စခန်းသုံးခုက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ကူလာရောက်တာမရှိဘဲ လက်နက်ကြီးတွေနဲ့သာ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းဖမ်းဆီးရမိမှု အခြေအနေကို မကြာမီ ထုတ်ပြန်ပေးသွားမယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကမြောကင်းအထက်တန်းကျောင်းအနီးမှာ လမ်း ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် နှစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.