မောင်တော၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ် မောင်တောမြို့ လေးမိုင်အခြေစိုက် နခခ ၂ စခန်း ဗုံးကြဲခံရတာကြောင့် ဖမ်းဆီးထိန်း သိမ်းထားတဲ့ စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA စက်တင်ဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

နခခ ၂ လို့ခေါ်တဲ့ အမှတ် ၂ နယ်ခြားစောင့်တပ်ဖွဲ့ခွဲစခန်းကို စက်တင်ဘာ ၉ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းအပါအဝင် အကျဉ်းသား ၅၀ ကျော်ဟာ အခင်းဖြစ်ရာ စခန်းအတွင်းမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ များစွာရှိတယ်လို့ AA က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ မောင်တောမြို့သိမ်း တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း၊ ARSA နဲ့ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်လက်နက်ကိုင်၊ စစ်ကောင်စီလက်ကိုင်တုတ်နဲ့ စစ်ကောင်စီသတင်းပေးတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ULA/AA အဖွဲ့အစည်းနဲ့ ရက္ခိုင့်အမျိုးသား တော်လှန်ရေးကို ဖျက်ဆီးဖို့ ကြိုးစာမှုကြောင့် ဖမ်းဆီးခံထားရတဲ့သူတွေ ၊ ALP နဲ့ဆက်စပ်နေသူတွေ၊ သံသယအမျိုးမျိုးနဲ့ စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထားသူတချို့လည်း ပါဝင်ပါတယ်။

စစ်ကောင်စီတပ် လေကြာင်းတိုက်ခိုက်ခဲ့တဲ့ နခခ ၂ စခန်းဟာ စစ်ကောင်စီရဲ့ စခန်းဟောင်းဖြစ်ပြီး အာရက္ခတပ်တော်မှ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးနောက် အကျဉ်းစ ခန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ထားတာပါ။

ဒါ့အပြင် အဲဒီနေ့ ည ၈ နာရီခွဲအချိန်ခန့်မှာလည်း မောင်တောမြို့ ၃ မိုင်နဲ့ ဝေသာလီကျေးရွာအတွင်းရှိ UN အဆောက်အအုံတွေကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခပ်စိပ်စိပ် လုပ် ဆောင်လာတာကြောင့် လူနေထူထပ်တဲ့ နေရာ၊ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဈေးအပါအဝင် အစိုးရအဆက်ဆက် အသုံးပြုခဲ့တဲ့နေရာတွေကို သတိထားသွားလာကြဖို့ AA က သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.