ဘီးလင်း၊ စက်တင်ဘာ ၁၀

မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေ ပြန်လည်မြင့်တက်လာတာကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်နေ ဒေသခံတစ်ရာကျော်ကို အရေးပေါ်ပြောင်းရွှေ့ထားရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ဘီးလင်းမြစ်ရေဟာ ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့ မနက် ၉ နာရီကစပြီး မြင့်တက်လာတဲ့အတွက် ဘီးလင်းမြို့ ကန်သာယာ၊ ဘိုးလှကြီးရပ်ကွက်အပါအဝင် ရပ်ကွက် ၄ ခုက အိမ်ထောင်စု ၄၀ ကျော် လူဦးရေ ၁၂၀ နီးပါးကို မြို့နယ်အားကစားခန်းမထံ အရေးပေါ်ပြောင်းရွှေ့ထားရတာပါ။

“ရေက ဆက်တက်နေတယ်။ မိုးကလည်း မရပ်သေးဘူး။ အခုအထိ ကောင်းနေတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေဆို ရေ လေးပေလောက် တက်နေပြီ။ ရေဝင်တဲ့အိမ်က လူတွေတော့ စပြောင်းနေရပြီ”လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူတွေဟာ မိမိအစီအစဉ်နဲ့မိမိပြောင်းရွှေ့နေတာတွေ ရှိသလို လူမှုကယ်ဆယ်ရေးနဲ့မီးသတ်အဖွဲ့တွေကလည်း ဝိုင်းဝန်းကူညီပြောင်းရွှေ့ပေးနေကြတယ်လို့ သိရပါတယ်။

မိုးဇလရဲ့ ဒီနေ့ နေ့လယ် ၁ နာရီအချိန် ထုတ်ပြန်ချက်အရ ဘီးလင်းမြစ်ရေဟာ ၉၆၄ စင်တီမီတာကို ရောက်ရှိနေပြီး စိုးရိမ်နေရေမှတ်ဖြစ်တဲ့ ၁၀၂၂ မီတာကိုရောက်ဖို့ ၅၈ စင်တီမီတာပဲလိုတော့တဲ့အတွက် စက်တင်ဘာ ၁၁ ရက်နေ့မှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးအပတ်က ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ခဲ့တဲ့အတွက် ဘီးလင်းမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ကျေးရွာ ၂၀ နီးပါး ရေနစ်မြှုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူ တစ်သောင်းကျော်ဟာ ရေကြီးမှုဒဏ်ကို တစ်ပတ်နီးပါး ခံစားခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.