ဆိုးလ်၊ စက်တင်ဘာ ၁၀

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က မိမိတို့ နိုင်ငံရဲ့ နျူကလီးယားလက်နက် အရေအတွက်ကို ဆတိုး ထုတ်လုပ်ရေးအတွက် နျူကလီးယားအင်အား တည်ဆောက်ရေး မူဝါဒ တစ်ရပ်ကို အကောင်အထည် ဖော်နေပြီလို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၁၀ ရက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၉ ရက်မှာ ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံတည်ထောင်မှု နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ကင်ဂျုံအန်က မိမိတို့နိုင်ငံအနေနဲ့ နျူကလီးယား စွမ်းရည်အတွက် ပိုပြီး နှံ့နှံ့စပ်စပ် ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

နောက်ထပ် နျူကလီးယား လက်နက်တွေကို အမိန့်ပေးလိုက်တဲ့ ဘယ်အချိန်မျိုးမှာမဆို အဆင်သင့် အသုံးပြုနိုင်ရေးအတွက်လည်း ကြိုတင် ပြင်ဆင်ထားရမယ်လို့ သူက ပြောကြားပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့ နောက်လိုက်တွေရဲ့ အမျိုးမျိုးသော အန္တရာယ်တွေကို ရင်ဆိုင်ရေး အားကောင်းတဲ့ စစ်တပ်ရှိနေဖို့ လိုအပ်တယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်က ဖြည့်စွက် ပြောကြားပါတယ်။

မြောက်ကိုရီးယားဟာ ဒေသတွင်း အမေရိကန် ဦးဆောင်တဲ့ နျူကလီးယား အခြေခံ စစ်ရေးအုပ်စုရဲ့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ခေါင်းဆောင် ကင်က ပြောပါတယ်။

တောင်ကိုရီးယားဟာ စက်တင်ဘာ ၁၀ ရက်နေ့မှာ ကုလသမဂ္ဂတပ်မ UNC အဖွဲ့ဝင် နိုင်ငံတွေနဲ့ ကာကွယ်ရေးဝန်ကြီးအဆင့် အစည်းအဝေး တစ်ရပ် ကျင်းပသွားဖို့ ရှိနေပါတယ်။

အဲဒီတပ်မ အဖွဲ့ကို တပ်မမှူး အဖြစ် အမေရိကန် စစ်တပ်က ဦးဆောင်ပြီး တောင်ကိုရီးယားမှာ အခြေစိုက်ထားတာ ဖြစ်ပါတယ်။UNC အဖွဲ့မှာ နောက်ဆုံးအဖွဲ့ဝင်အဖြစ် ပြီးခဲ့တဲ့လက ဂျာမနီလည်း ပါဝင်လာခဲ့ပါတယ်။

ကိုရီးယား စစ်ပွဲအပြီး တောင်ကိုရီးယားကို ကာကွယ်ရေး ဖွဲ့စည်းခဲ့တဲ့ UNC က မြောက်ကိုရီးယား နယ်စပ်ကို ကူညီ စောင့်ကြပ်ပေးနေပြီး စစ်ဖြစ်လာရင် တောင်ကိုရီးယားကို ကာကွယ်ဖို့ ကတိပေးထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက UNC ဟာ တရားမဝင် အဖွဲ့အစည်း ဖြစ်တယ်လို့ ပြောဆို ဝေဖန်ထားပြီး ဂျာမနီလည်း ပါဝင်လာမှုကြောင့် ဒေသဆိုင်ရာ တင်းမာမှုတွေကို မြင့်တက်လာစေတယ်လို့ ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.