ဘန်ကောက်၊ စက်တင်ဘာ ၁၀
ထိုင်းနိုင်ငံမှာ မရှိဆင်းရဲသားတွေကို ထောက်ပံ့ပေးဖို့ စီစဉ်ထားတဲ့ ငွေပေးဝေရေး အစီအစဉ်ကို သတ်မှတ်ရက်ထက် စောပြီး စတင်မှု အဖြစ် ပထမဆုံးအသုတ် အနေနဲ့ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံကို အခုလအတွင်း စတင် ပေးဝေသွားမှာ ဖြစ်တယ်လို့ လက်ထောက်ဘဏ္ဍာရေး ဝန်ကြီးက စက်တင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
လွှတ်တော်တွင်း ဘက်ဂျက်ဆိုင်ရာ ဆွေးနွေးမှုအတွင်း စီးပွားရေး နှိုးဆွမှု အစီအစဉ်အဖြစ် အစိုးရက စုစုပေါင်း ဘတ် ၄၅၀ ဘီလီယံ (ကန်ဒေါ်လာ ၁၃ ဒသမ ၂၉ ဘီလီယံ) ပေးဝေဖို့ စီစဉ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီး ဂျူလာပွန် အာမွန်ဗီဗစ်က ပြောကြားခဲ့ပါတယ်။
ဒါက ပြည်တွင်း ဝယ်လိုအား ကောင်းလာစေရေး ထိုင်းနိုင်ငံသား သန်း ၅၀ အတွက် ငွေပေးဝေဖို့ စီစဉ်တာ ဖြစ်ပါတယ်။
အခုနှစ် နောက်ဆုံး သုံးလပတ်ကာလအတွင်း စတင်ဖို့ စီစဉ်ထားခဲ့တဲ့ အဲဒီအစီအစဉ်ဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အချိန်တိုအတွင်း ပြန်လည် အားကောင်းလာစေဖို့လုပ်ဆောင်တဲ့ ရေတို အစီအစဉ် တစ်ရပ် ဖြစ်ပါတယ်။
အစိုးရက အရှေ့တောင်အာရှရဲ့ ဒုတိယ အကြီးမားဆုံး စီးပွားရေးကို နှိုးဆွမယ့် အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပေမယ့် ပြီးခဲ့တဲ့လက ဝန်ကြီးချုပ် ဆရီသာ ထုတ်ပယ်ခံရပြီးနောက် မရေရာ မသေချာ ဖြစ်သွားခဲ့ပါတယ်။
အခုအချိန်မှာ ငွေပေးဝေမှု တစ်စိတ်တစ်ပိုင်းကို ငွေသားအဖြစ် ပေးဝေသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟောင်း ဆရီသာရဲ့ မဟာမိတ် သူ့ရဲ့ နေရာကို ဆက်ခံသူ မဒန် ပေး(ခေါ်) ဝန်ကြီးချုပ်အသစ် ပေသွန်ထန်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားထားတာပါ။
၂၀၂၄ ခုနှစ် ဘတ်ဂျက်နဲ့ အခြား ရင်းမြစ်တွေကနေ သုံးစွဲသွားမှာ ဖြစ်ပြီး စက်တင်ဘာ လကုန်ပိုင်းမှာ စတင်မယ်လို့ ပြောတဲ့ ပထမအသုတ် ငွေပေးဝေမှုကို ငွေသား ပေးဝေမှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဝါရင့်နိုင်ငံရေးသမား ဘီလျံနာ သူဌေးကြီး သက်ဆင်ရဲ့ သမီး ဖြစ်သူ ပေသွန်ထန်က စီးပွားရေးနှိုးဆွမယ့် အစီအစဉ်တွေ ချက်ချင်း ပြုလုပ်မှာ ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ဆရီသာရဲ့ မူဝါဒတွေကို ဆက်လက် အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ နှစ်ကထက် ပိုပြီး ဖွံ့ဖြိုးလာမယ်လို့ ခန့်မှန်းထားပေမယ့် ဒေသတွင်း တန်းတူ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အားနည်းနေပါတယ်။
Ref:Reuters