မော်လမြိုင်၊ စက်တင်ဘာ ၁၁

ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် စိန်ခေါ်မှုတွေရှိနေပေမယ့် လုံခြုံတဲ့ ပညာရေးပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့နဲ့ စာသင်ကျောင်းတွေ ဘေးကင်းရေး ကြိုးပမ်းမယ်လို့ ကရင်အမျိုးသားအစည်းအ ရုံး KNU က ကတိပြုလိုက်ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ကြေညာတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကော်သူးလေနယ်မြေအတွင်းရှိ ကျောင်းများဘေးကင်းမှုဆိုင်ရာ ကြေညာစာတမ်းမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။

ကော်သူးလေအတွင်းနေထိုင်တဲ့ ကလေးတွေအားလုံးရဲ့ ပညာသင်ကြားခွင့်ကို အသိအမှတ်ပြုကာ လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကျောင်းသားကျောင်းသူ ဆရာဆရာမတွေနဲ့ ကျောင်းတွေရဲ့ ဘေးကင်းစိတ်ချလုံခြုံရေးနဲ့ ကျန်းမာရေးတွေကို စိုးရိမ်ပူပန်နေတဲ့အတွက် ကြေညာစာတမ်းထုတ်ပြန်ရတာလို့ ဆိုပါတယ်။

KNU ဟာ ပညာရေးအာဏာပိုင်၊ ရပ်ရွာလူထုတွေနဲ့ ပူးပေါင်းဆောင်ရွက်ကာ အရေးပေါ်အခြေအ နေတွေအတွက် ဘေးလွတ်ရာကို ပြောင်းရွှေ့တာ၊ ကျောင်းတွေ ယာယီပိတ်တာတွေကို အကောင် အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး ကျောင်းတွေနဲ့ အနီးနားရှိ ရပ်ရွာတွေအတွင်း ဘေးကင်းတဲ့ဧရိယာ သတ်မှတ်ထူထောင်တာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေအပေါ် စိတ်ပိုင်းဆိုင် ရာ အကျိုးသက်ရောက်မှုရှိတာကို အသိအမှတ်ပြုပြီး အရေးပေါ်အခြေအနေတွေနဲ့ နောက်ဆက်တွဲအခြေအနေတွေမှာ ကျန်းမာရေးအာမခံမှုရှိစေဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။

ကော်သူးလေအတွင်းရှိ စာသင်ကျောင်းတွေကို အခြေစိုက်စခန်း၊ စုဆောင်းရာနေရာတွေ သိုလှောင်ရုံတွေအပါအဝင် ဘယ်စစ်ရေးရည်ရွယ်ချက်အတွက် အသုံးမပြုရဘဲ မိမိတို့ထိန်းချုပ်လွှမ်းမိုးထားတဲ့ နယ်ပယ်တွေအတွင်း အဲဒီမူကိုလိုက်နာဖို့ကတိပြုပြီး ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးနိုင်ဖို့အတွက်လည်း ထောက်ခံအားပေးသွားမယ်လို့ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကော်သူးလေအတွင်းရှိ လူမှုအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပြီး ကျောင်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေအပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်ခြေရှိပါက ကြိုတင်သတိပေးနှိုးဆော်တာနဲ့ ရှင်း လင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေအပါအဝင် အခြားကြိုတင်သတိပေးစနစ်တွေ ထူထောင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဖော်ပြပါတယ်။

ပဋိပက္ခဖြစ်ချိန်အတွင်း KNU ဟာ ကျောင်းသားတွေကို ပိုမိုကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်စေဖို့ ပံ့ပိုးပေးမယ့် အရေးပေါ်ကြိုတင်ပြင်ဆင်မှု၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု နည်းပညာတွေကို ဆရာဆရာမတွေအပေါ် လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်တယ်လို့ ကြေညာစာတမ်းမှာ ဆိုထားပါတယ်။

ဒါကြောင့် ပဋိပက္ခဖြစ်နေတဲ့ကာလအတွင်း ကော်သူးလေရှိ ကလေးတွေအားလုံး ပညာသင်ကြားခွင့်ကို နိုင်ငံတကာအသိုက်အဝန်းအပါအဝင် သက်ဆိုင်သူအားလုံး ပံ့ပိုးပေးဖို့ KNU က ကြေညာစာ တမ်းမှာ တောင်းဆိုလိုက်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.