မန်တုံ၊ စက်တင်ဘာ ၅
တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ မန်တုံမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးအိုက်အေး လက်ဖက်စက်ရုံပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၁ နှစ်အရွယ် မောင်သက်နိုင်လင်းဟာ ညာဘက်လက်နဲ့ နံရိုးတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ဒ့ါအပြင် အရင်က စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ၁၃၀ တပ်စခန်းပေါ်မှာ ဗုံးသီးတစ်လုံး ကျရောက် ပေါက်ကွဲတာကြောင့် အနီးနားရှိ နေအိမ် ၆ လုံး ထိမှန်ပျက်စီးခဲ့ပြီး ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ သွားရောက်ရှင်းလင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ TNLA အုပ်ချုပ်နေတဲ့ နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါနဲ့ မန်တုံမြို့နယ်တွေရှိ အရပ်သားပြည်သူတွေ ထိခိုက်စေဖို့ ရည်ရွယ်ပြီး မကြာခဏ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကလည်း တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA