လေးကေကော်၊ စက်တင်ဘာ ၆

ကရင်ပြည်နယ် လေးကေကော်မြို့အနီးရှိ စစ်ကောင်စီရဲ့ စွယ်တော်ကုန်း(အမြောက်ကုန်း)ကို KNLA တော်လှန်ရေး အင်အားစုမဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ ကရင်ပြည်နယ် မြဝတီခရိုင် လေးကေကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း(အမြောက်ကုန်း)ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန် ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပြီးခဲ့တဲ့ဩဂုတ်လကုန်ကတည်းက ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာပါ။

မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်နားမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ စွယ် တော်ကုန်း (အမြောက်ကုန်း)မှာ အခုလ စက်တင်ဘာ ၃၊ ၄ ရက်နေ့မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေကို မြဝတီမြို့ပေါ်နဲ့ တစ်ဖက်ထိုင်းနိုင်ငံ မဲဆောက်မြို့အထိပါ ကြားနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဲဒီအမြောက်ကုန်းတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် KNLA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့ဘက်ကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အလားတူ KNU တပ်မဟာ ၆ နယ်မြေ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေး ရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အနန်းကွင်းဗျူဟာမကျရေးအတွက် စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လက် နက်ကြီး ပစ်ခတ်မှုတွေကြောင့် အိမ်ခြေအများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး အနန်းကွင်း လွတ်ရှမ်းကျေးရွာတွေအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

စစ်ကောင်စီတပ်က အနန်းကွင်းဗျူဟာစခန်းမကျရေးအတွက် လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အသုံးပြုတိုက်ခိုက်နေသလို မြေပြင်ကနေ သံဖြူဇရပ်မြို့နယ်ဘက်ကနေတစ်ဆင့် စစ်ကူပို့လာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့ တို့ရဲ့ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ အများအပြားရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.