ရွှေကျင်၊ စက်တင်ဘာ ၅
ပဲခူးတိုင်း ရွှေကျင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး လက်နက်ခဲယမ်းတွေ ထမ်းခိုင်းခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအ ရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်း ချီတက်ရာ ရွှေလုပ်ကွက်တစ်ခုက အလုပ်သမား ၁၀ ဦးနဲ့ ရော်ဘာခြံအလုပ်သမား ငါးဦးတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီခေါ်ဆောင်ခဲ့ပါတယ်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို လက်နက်ကြီးကျည်တွေ ထမ်းခိုင်းပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကာ မင်းလမ်းသံဆိပ်စခန်းအထိ ခေါ်ဆောင်သွားပြီးနောက် ည ၈ နာရီအချိန်ခန့်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ KNU က ဆိုပါတယ်။
ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ခလရ−၅၇၊ ခမ ရ−၃၄၉၊ ခမရ−၃၅၀ နဲ့ ခမရ−၅၈၄ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
အဲဒီနေ့ ညနေ ၆ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီစစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် ကျောက်တန်းရွာနေ အသက် ၁၆ နှစ်အရွယ် မောင်ဖြိုးမင်းထက်နဲ့ အသက် ၃၀ အရွယ် ကိုထက်လင်းအောင်တို့ ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။
အာဏာသိမ်းကာလအတွင်း KNU အုပ်ချုပ်နယ်မြေထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာ၊ ပေါ်တာဆွဲ၊ ဖမ်းဆီးညှဉ်းပန်နှိပ်စက်သတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်နေတာပါ။
KNU ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသခံပြည်သူလူထု တစ်သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU
ပုံစာ – လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်လာတဲ့ ဒေသခံ ၁၅ ဦးအား တွေ့ရစဉ်။