တနင်္သာရီ၊ စက်တင်ဘာ ၆

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ တနင်္သာရီမြို့အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ငါးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ရာကနေ လယ်တောင်ယာကျေးရွာထဲ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လယ်တောင်ယာကျေးရွာရဲ့ သူပိုင်လယ်ထဲက တဲအိမ်မှာ အိပ်နေတဲ့ အသက် ၅၃ အရွယ် ဒေါ်ပိန် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံအမျိူးသမီးဟာ မြိတ်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေစဉ် စက်တင်ဘာ ၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး သားသမီးလေးဦး ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် အိန္နားပြင်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ် ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.