ရေး ၊ စက်တင်ဘာ ၆

စိုးမိုးနယ်မြေတွေ လျော့ကျလာနေတဲ့ စစ်ကောင်စီဟာ ရပ်ကွက်ကျေးရွာအထိ ပြည်သူပါတဲ့ လုံခြုံ ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာကြောင့် အရပ်သားပြည်သူတွေဟာ ဘေး ကျပ်နံကျပ်အနေအထား ဖြစ်နေပါတယ်။

နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိဖို့ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်လာနေတာပါ။

ဒါကြောင့် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အရပ်သားအမျိုးသားတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ပါဝင်ခိုင်းကာ ကာလတိုစစ်သင်တန်းပေးပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာတွေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ခိုင်းဖို့ ဖြစ်ပါတယ်။

ဒီအပေါ် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တချို့က စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးစနစ်မှာ ပြည်သူတွေ မပါဝင်ကြဖို့နဲ့ ပူးပေါင်းပါဝင်သူတွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ သတိ ပေးတာတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက လက်ရှိအနေအထားမှာ ပြည်သူတွေအ နေနဲ့ တော်လှန်ရေးအဖွဲ့က ပြောသလိုမျိုး စစ်ကောင်စီရဲ့ လုံခြုံရေးမှာမပါဘဲ ငြင်းဖို့လွယ်ကူနေတဲ့ ကိစ္စမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“အခုလက်ရှိ အနေအထားမှာတော့ ကိုယ့်ရဲ့ဒေသအတွင်းမှာ စုဖွဲ့လာတယ်ဆိုရင် ပြည်သူတွေအနေနဲ့ ငြင်းဖို့ တော်လှန်ရေးအဖွဲ့က ပြောသလိုမျိုး မပါနဲ့ဆိုပြီးတော့ လွယ်လွယ်ကူကူမပါဘဲနဲ့ နေလို့ရနေတဲ့ကိစ္စတော့ ဟုတ်မနေဘူး။ နောက်တစ်ဘက် တော်လှန်ရေးအဖွဲ့တွေက အရေးယူမယ်ဆိုတဲ့ဟာက ပြန်ကြည့်ရင် ပြည်သူတွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ဟာကို နားမလည်သေးသလိုသဘောမျိုး၊ သူတို့အနေနဲ့ ဘေးကျပ်နံကျပ်ဖြစ်နေတာကို နားမလည်ပေးသလိုမျိုးဖြစ်နေတာ တွေ့ရတယ် ”လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အမိန့်အာဏာကို မလွန်ဆန်နိုင်တဲ့သူတွေက ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ပါသွားနိုင်သလို တစ်ဘက်မှာ နီးစပ်တဲ့ တော်လှန်ရေးအဖွဲ့တွေမှာ ပူးပေါင်းပါဝင်ရတဲ့ အ ခြေအနေမျိုး ရောက်သွားနိုင်တယ်လို့ သူကထောက်ပြပါတယ်။

ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်း၊ ရပ် ကွက်၊ ကျေးရွာအလိုက် လုံခြုံရေးစနစ်တွေ တည်ဆောက်မယ်ဆိုရင် နယ်မြေလုံခြုံရေးအတွက် ထိရောက်စေမယ်လို့ တွက်ဆထားတာပါ။

ဒါကြောင့် ကာကွယ်ရေးနဲ့ ပြည်ထဲရေးအပြင် ထွေအုပ်နဲ့မီးသတ်ဌာနအထိ ပါဝင်မယ့် ပြည်သူ့လုံခြုံ ရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ပြီးခဲ့တဲ့ဩဂုတ် ၁၆ ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ရဲ့ လုပ်ငန်းတာဝန်မှာ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့ နယ်နဲ့ ရပ်ကွက် ကျေးရွာအုပ်စုအထိ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့စည်းပြီး အဖွဲ့ဝင်တွေကို တရားဝင်လက်နက်တပ်ဆင်ပေးမယ့် အစီအစဉ်ပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခံထားရတဲ့ ရေးမြို့ နယ်က ကျေးရွာတချို့မှာ ပြည်သူ့လုံခြုံရေးဆိုပြီး စစ်ကောင်စီက လူစုဆောင်းပေးဖို့ စတင်ဖိအားပေးနေပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်သူ့လုံခြုံရေးဆိုတဲ့ နာမည်ရဲ့ အောက်ကနေပြီးတော့ စစ်ကောင်စီတပ်တွေက သူတို့ရဲ့ အရန်အင်အားတွေကို ဖွဲ့စည်းဖို့အတွက် ရေးမြို့နယ်ဘက်မှာ အထူးသဖြင့် စစ်ကောင်စီပြည်သူ့စစ်တွေ ကြီးစိုးနေတဲ့ တောင်ဘုံ၊ အာယုတောင်ဘက်မှာ ကျေးလက်ထွေအုပ်တွေကို စတင်ပြီးတော့ လူတွေစုဆောင်းပေးဖို့ ဖိအားတွေ စတင်ပေးနေပြီလို့ ကျွန်တော်တို့ ကြားနေတာရှိတယ်ဗျ”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဌာနေပြည်သူ့စစ်တွေ ဖွဲ့စည်းထားတဲ့ အာယုတောင်နဲ့ ဆက်စပ်ဒေသက တောင်ဘုံနဲ့ သောင် ပြင်ကျေးရွာတွေမှာ ပြည်သူ့လုံခြုံရေးအတွက် တစ်ရွာကို အယောက် ၆၀ နဲ့ ၇၀ ကြား စု ဆောင်းပေးဖို့ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ ပြည်သူ့လုံခြုံရေးမှာ အဆင့်ဆင့်သတင်းပေးတဲ့ စနစ်ကို ဖော်ဆောင်ပြီး နယ်မြေခံ ရပ်မိ၊ ရပ်ဖတွေ ရဲတပ်ဖွဲ့ဝင်တွေ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဩဂုတ် ၃၀ ရက်နေ့မှာ ပြောကြားထားပါတယ်။

ရေးမြို့နယ် ဒေသခံတစ်ဦးကတော့ ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး တကယ်လို့ အတင်းအကျပ်ဖြစ်လာခဲ့ရင် ဘယ်လိုရှောင်ရမယ်ဆိုတာ အဖြေရှာလို့မရသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်သူတွေကတော့ လက်နက်မကိုင်ဆောင်ရဘူး ဆိုရင်တော့လည်း မလွှဲသာမရှောင်သာ လုပ်ရင်လည်း လုပ်ရမှာပေါ့။ ဒါပေမယ့် ဘယ်လိုပဲပြောပြော ပြည်သူတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးချမ်းချမ်းပဲ နေချင်တာ။ ဘယ်သူနဲ့မှလည်း မပတ်သက်ဘဲ ကင်းကင်းရှင်းရှင်း နေချင်တာပေါ့။ တကယ်လို့များ အတင်းအကျပ်ဖြစ်လာခဲ့ရင် ဘယ်လိုရှောင်ရှားရမလဲဆိုတဲ့ ကိစ္စတော့ အခုချိန်ထိ အဖြေရှာလို့ မရသေးဘူးဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဝင်သူတွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်တာ၊ ထောက်ပံ့ပို့ဆောင်တာနဲ့ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်းကယ်ဆယ်ရေးတာဝန်တွေ ပေးအပ်ဖို့ စီစဉ်ထားတာပါ။

ဒါ့အပြင် ထိရောက်စွာ တိုက်ပွဲဝင်နိုင်ဖို့ကိုလည်း အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ လေ့ ကျင့်ပေးတာ၊ တပ်ဖွဲ့ဝင်တွေကို နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်တွေမှာလည်း အသုံးချဖို့ ရှိနေပါတယ်။

အလားတူ အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ပြုန်းတီးသွားတဲ့အင်အားတွေ ဖြည့်တင်းပေးတာနဲ့ တိုးချဲ့ဖွဲ့ စည်းတာအပါအဝင် စိတ်ဓာတ်ပိုင်းဖြည့်ဆည်းမှုတွေ အဆက်မပြတ် လုပ်ဆောင်ပေးရမယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်နဂါးကတော့ လက်ရှိ နိုင်ငံရေးစစ်ရေးအခြေအနေဟာ အားလုံးသိကြတဲ့အတိုင်း စစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေ ရှောင်ကျဉ်ကြဖို့ လိုလိမ့်မယ်လို့ ပြောပါတယ်။

“လက်ရှိ စစ်ကောင်စီတွေရဲ့ နိုင်ငံရေးစစ်ရေးအခြေအနေကို အားလုံးသိကြတဲ့အတိုင်းပဲ။ ဒီအကြမ်း ဖက်စစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေ၊ အပြုအမူတွေကို ကျွန်တော်တို့ ရှောင်ကြဖို့ လိုလိမ့်မယ်။ ဒါမှ မဟုတ်လို့ရှိရင် ပြည်သူတွေ ဒီနေ့ခါးစည်းခံနေရတဲ့ ဒုက္ခအဝဝကနေပြီး ဘယ် တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီစစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့ တော်လှန် ရေးသမားတွေရဲ့ တာဝန်သက်သက် မဟုတ်ဘဲနဲ့ ပြည်သူတွေရဲ့ တာဝန်လည်းပါတယ်ဆိုတာကို ကျွန်တော် ဒီနေ့ပြောကြားလိုပါတယ်”လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ထဲ ပါဝင်ဖို့ ဖိအားပေးခြင်းခံရရင် တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ကြဖို့ အခက်အခဲတွေရှိပေမယ့် ညီညွတ်ရင်တော့ လုပ်လို့ရတယ်လို့ သူ က ထောက်ပြပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတော်လှန်မှုတွေကို စစ် မျက်နှာများစွာဖွင့်ထားရပြီး ရာနဲ့ချီတဲ့တပ်စခန်းတွေ ဆုံးရှုံးခဲ့ရသလို တပ်အင်အားပြုန်းတီးမှုတွေကိုလည်း အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

ဒီအတွက်ကြောင့် ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေ ပြန်လည်ရယူဖို့ အင်အားလိုအပ်ချက်အရ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး လာမယ့်နှစ် နှောင်းပိုင်းမှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် အ ထောက်အကူပြုနိုင်ဖို့ ပြည်သူ့လုံခြုံရေးစနစ်ကို ကျင့်သုံးလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.