သံဖြူဇရပ်၊ စက်တင်ဘာ ၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာမှာ ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုဝမ်းရေးအတွက် ဝဥသွားတူးတဲ့ အမျိုးသမီးတစ်ဦး တိုက်မိုင်းထိတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ရဲတံခွန်ကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ဒေါ်ငယ်ငယ်ထွေးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ကျေးရွာအနီးက ရော်ဘာတောထဲမှာ ဝဥတူးပြီးအပြန် တိုက်မိုင်းထိမှန်ခဲ့တာပါ။

တိုက်မိုင်းထိလို့ ဒေါ်ငယ်ငယ်ထွေးဟာ လက်၊ ခြေထောက်နဲ့ မျက်နှာတွေမှာ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေကြောင့် သံဖြူဇရပ်ဆေးရုံကနေ မော်လမြိုင်ဆေးရုံထံ လွှဲပြောင်းကုသနေရတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ တိုက်မိုင်းထိသွားတဲ့ အမျိုသမီးဟာ မိသားစုဝမ်းရေးအတွက် ခင်ပွန်းဖြစ်သူနဲ့အတူ ကြုံရာကျပန်းလုပ်ကိုင်ပြီး မိုးတွင်းကာလမှာ ကျေးရွာအနီး ရော်ဘာတောတွေထဲမှာ ဝဥတူးပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

ရဲတံခွန်ကျေးရွာဟာ စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားတဲ့ ဒေသဖြစ်ပြီး ဒေသခံတွေ တိုက်မိုင်းထိတဲ့အပေါ် နှစ်ဖက်အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့ကလည်း ရဲတံခွန်ကျေးရွာ ဘုန်းကြီးကျောင်းအနီး ရော်ဘာတောစပ်မှာ ထင်းခုတ်သွားတဲ့ အမျိုးသား တစ်ဦး တိုက်မိုင်းထိလို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ UNICEF Myanmar ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အခုနှစ်ဝက်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၇၀၀ နီးပါး ထိခိုက်သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.