မော်စကို၊ သြဂုတ် ၃၁

ရုရှား ကာကွယ်ရေးအရာရှိတွေကို အကျင့်ပျက် ခြစားမှုနဲ့ စုံစမ်းစစ်ဆေးရာနေရာမှာ ပြင်းထန်တဲ့ စွဲချက်တွေ ပါဝင်ပြီး ရုံးတင် စစ်ဆေးမှုတွေဆီ ဦးတည်သွားလိမ့်မယ်လို့ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က သြဂုတ် ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

လက်ထောက် ကာကွယ်ရေး ဝန်ကြီးဟောင်း ပါဗဲလ် ပိုပေါ့ပ်ကို မော်စကိုရှိ စစ်ခုံရုံးတစ်ခုက လိမ်လည်မှုသံသယနဲ့ သြဂုတ် ၂၉ ရက်မှာ ဖမ်းဆီးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီးဟောင်း ဆာဂျီ ရှိုဂူးနဲ့ ဆက်စပ်တဲ့ အရာရှိတွေကို အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်းစစ်ဆေးနေချိန်မှာ လက်ထောက်ဝန်ကြီးဟောင်း ပါဗဲလ် ပိုပေါ့ပ်ဟာ နောက်ဆုံး ဖမ်းဆီးခံရသူ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ တောင်းဆိုရာမှာ နန်းတော် ပြောခွင့်ရသူ ပက်စကော့က ပြင်းထန်တဲ့ စွဲချက်တွေ အမှန်တကယ် ပါဝင်နေတယ်လို့ ပြောပါတယ်။

ဒါက ဥပဒေစည်းကြပ်ရေး အရာရှိတွေ စနစ်တကျ လုပ်ဆောင်ရမယ့် အလုပ်ဖြစ်ပြီး လောလောဆယ် အသေးစိတ်ကို မပြောနိုင်သေးဘူးလို့ သူက သတင်းထောက်တွေကို ပြောကြား ပါတယ်။

စုံစမ်း စစ်ဆေးမှု ပြီးဆုံးပြီဆိုတာနဲ့ ရုံးတင် စစ်ဆေးမှုတွေ ရှိလာမယ်လို့ မစ္စတာ ပက်စကော့က ပြောပါတယ်။

ရုရှား ကာကွယ်ရေးနဲ့ စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းကို နှစ်များစွာအတွင်း အကြီးမားဆုံး ရိုက်ခတ်ခဲ့တဲ့ အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံကြောင့် ဧပြီလနောက်ပိုင်းကစလို့ ဖမ်းဆီးခံရတဲ့ အရာရှိ တစ်ဒါဇင်ထက် မနည်း ရှိပါတယ်။

ပထမဆုံး ဖမ်းဆီးမှုတွေပြီးနောက် မကြာခင် မေလအတွင်းက သမ္မတ ဗလာဒီမာ ပူတင်ဟာ ကာကွယ်ရေး ဝန်ကြီး ရှိုဂူးကို ထုတ်ပယ်ပြီး စီးပွားရေးပညာရှင် အန်ဒရေး ဘီလူဆော့ဗ်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ဒါက ရုရှားရဲ့ များပြားလှတဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ပိုပြီး တင်းတင်းကြပ်ကြပ် စီမံခန့်ခွဲရေး၊ အလေအလွင့်နဲ့ အကျင့်ပျက်ခြစားမှု ကင်းစင်စေရေး ဆောင်ရွက်တာ ဖြစ်တယ်လို့ အများက ရှုမြင်ကြပါတယ်။

စုံစမ်း စစ်ဆေးခံနေရသူတွေ အားလုံးဟာ ၂၀၁၂ ခုနှစ်ကနေ အခုနှစ် မေလအထိ ကာကွယ်ရေး ဝန်ကြီးဖြစ်ခဲ့သူ ရှိုဂူး လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.